ဇွန်လအတွင်း ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဆယ်ကျော် CDM ဝင်လာ

ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနဲ့ ရဲ စုစုပေါင်း ၄၃ ဦးဟာ ဇွန်လအတွင်း CDM မှာ ပါဝင်ခဲ့ကြပါတယ်။

PDF တပ်ရင်းများ၊ ပကဖများသို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦးအား တွေ့ရစဉ်။ Ministry of Defence - National Unity Government of Myanmar Photo

စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်သားနဲ့ ရဲ စုစုပေါင်း ၄၃ ဦးဟာ ဇွန်လအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ အရာရှိအဆင့် ဗိုလ်မှူးတစ်ဦးအပြင် ဗိုလ်ကြီး နှစ်ဦးနဲ့ ဒုရဲမှူးတစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ဘက်ပြောင်းခိုလှုံလာသူတွေဆီက လက်နက် ၁၈ လက်နဲ့ ခဲယမ်းတွေရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သူတို့ဟာ NUG ရဲ့ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ PDF တွေဆီ ချိတ်ဆက်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မေလအတွင်းမှာလည်း ဗိုလ်မှူးသုံးဦး အပါအဝင် စစ်သားနဲ့ ရဲ စုစုပေါင်း ၄၅ ဦး CDM မှာပါဝင်ပြီး လက်နက် ၂၄ လက်ရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ရင်ခွင်အဖွဲ့ကတော့ အာဏာသိမ်းပြီးနောက် CDM ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲ စုစုပေါင်း ၁၅၀၀၀ ဝန်းကျင်ရှိတယ်လို့ RFA ကို ဇွန်လထဲမှာ ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org