တိုက်ခိုက်မှုတွေလျော့နည်းအောင် ကိုင်တွယ်မယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ပြော
နိုင်ငံတွင်းက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့နယ်တွေမှာ တိုက်ခိုက်မှုတွေ လျော့နည်းသွားအောင် ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
-
RFA Burmese
2023-02-10 -
-
-
နိုင်ငံတွင်းက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့နယ်တွေမှာ တိုက်ခိုက်မှုတွေ လျော့နည်းသွားအောင် ကိုင်တွယ် ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့အတွက် စစ်အုပ်ချုပ်ရေး အမိန့်တွေ တိုးမြှင့် သတ်မှတ်ခဲ့ပြီး လာမယ့် ခြောက်လတာအတွင်းမှာ အဲဒီဒေသတွေရဲ့ တည်ငြိမ်အေးချမ်းမှုတွေ အတိုင်းအတာ တစ်ခုထိ တိုးတက်လာမယ်လို့ ယူဆကြောင်းလည်း သူကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်နှစ်တာအတွင်း နိုင်ငံတစ်ဝန်းမှာ PDF အဖွဲ့တွေရဲ့ တိုက်ခိုက်မှု အကြိမ်ပေါင်း ၉၇၀၀ ကျော်ခန့်ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အားကောင်းတဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားနဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ် ၃၇ မြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်မှာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတာပါ။
အဲဒီလို စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ပဲခူးတိုင်းထဲက မြို့နယ်ပေါင်း ၂၄ ခုမှာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေက ဖေဖော်ဝါရီလ ၄ ရက်နေ့ ရက်စွဲနဲ့ သွားလာခွင့် အချိန် ကန့်သတ်မိန့် ထုတ်ပြန်ပြီး ထပ်မံတင်းကျပ်ထားပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ပြည်သူ့ ကာကွယ်ရေးတပ်၊ တပ်ရင်း ၂ ၊ တပ်ရင်းမှူး ကိုညာကြီးကတော့ ပုလဲမြို့နယ်မှာ NUG အစိုးရရဲ့ ယန္တရားနဲ့လည်ပတ်နေတာဖြစ်လို့ စစ်အုပ်ချုပ်ရေး ကြေညာပေမယ့် ထူးခြားမှု မရှိနိုင်ဘူးလို့ ပြောပါတယ်။
“သူတို့အရပ်သား အုပ်ချုပ်ရေးလုပ်ကတည်းက ကျနော်တို့ ပုလဲနယ်မှာ သူတို့ အုပ်ချုပ်ရေး ယန္တရား မလည်ပတ်နိုင်ဘူး။ NUG ရဲ့ယန္တရားက လည်ပတ်နေတာ။ ဘယ်လိုပဲ စစ်အုပ်ချုပ်ရေး ကြေညာ၊ ကြေညာ ကျနော်တို့ အတွက်တော့ ထူးခြားမှု မရှိဘူး။ အာဏာသိမ်းပြီ ဆိုကတည်းက စစ်အုပ်ချုပ်ရေးဒဏ်က ခံနေရတာပဲလေ။ အခုလို ကြေညာပြီးတော့လည်း ထူးခြားပြီးတော့ လာရောက် ထိုးစစ်ဆင်တာတွေ မရှိပါဘူး”
စစ်အုပ်ချုပ်ရေး အမိန့်မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း သွားလာခွင့် ကန့်သတ်တာ၊ လူငါးဦးထက် ပိုပြီး စုဝေးခွင့် မရှိတာ၊ အမိန့် မလိုက်နာတဲ့ သူတွေကို လုံခြုံရေး တာဝန်ထမ်းဆောင်သူတွေက အင်အားသုံး ဖမ်းဆီးပြီး အရေးယူမယ့် အကြောင်းနဲ့ လုံခြုံရေး တာဝန်ရှိသူတွေကို ဘယ်နည်းနဲ့မှ မနှောက်ယှက်ဖို့ စတဲ့အချက်တွေ ပါရှိပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်တဲ့ မြို့နယ် ၁၁ မြို့နယ်ကတော့ အင်းတော်၊ ဗန်းမောက်၊ ကော လင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တို့ ဖြစ်ပါတယ်။
ချင်းပြည်နယ်က တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နဲ့ ဟားခါး စုစုပေါင်း ၇ မြို့နယ်၊ မကွေးတိုင်းက ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နဲ့ မြိုင် စတဲ့ ငါးမြို့နယ်၊ ပဲခူးတိုင်းက ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်း စတဲ့ငါးမြို့နယ်ကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။
ဒါပြင် ကယားပြည်နယ်က ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနဲ့ ဘောလခဲမြို့နယ်၊ ကရင်ပြည်နယ်က ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်၊ မွန်ပြည်နယ်က ရေးမြို့နယ်၊ တနင်္သာရီတိုင်းက တနင်္သာရီနဲ့ ပုလောမြို့နယ်တွေလည်း စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်တဲ့အထဲမှာ ပါဝင်ပါတယ်။