နိုင်ငံရေးအမှုမပါတဲ့ ရာဇဝတ်မှုအချို့ကို စစ်ကောင်စီ ထပ်မံပိတ်သိမ်း
အာဏာသိမ်းစစ်ကောင်စီက ကိုရိုနာကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်အထိ ကြားနာစစ်ဆေးဆဲ ပြစ်မှုတွေကို ပိတ်သိမ်းပေးသွားမယ်လို့ ဩဂုတ်လ ၁၁ ရက် မနေ့က ထုတ်ပြန်ကြေညာလိုက် ပါတယ်။
- 2021-08-12
-
-
-
အာဏာသိမ်းစစ်ကောင်စီက ကိုရိုနာကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်အထိ ကြားနာစစ်ဆေးဆဲ ပြစ်မှုတွေကို ပိတ်သိမ်းပေးသွားမယ်လို့ ဩဂုတ်လ ၁၁ ရက် မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထား ရသူတွေတော့ ဒီအမှုပိတ်သိမ်းမယ့် အစီအစဉ်မှာ မပါဝင်ပါဘူး။
ပြစ်မှုတွေကို ပိတ်သိမ်းပေးမယ်လို့ မနေ့က ထုတ်ပြန်ထားပေမဲ့ ပြန်လွှတ်ပေးရမယ့်နေ့နဲ့ အကျဉ်းသား အရေအတွက်စာရင်းကိုတော့ အတိအကျ မသိရသေးဘူးလို့ အကျဉ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော် က RFA ကို ပြောပါတယ်။
အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးမယ့် ကြားနာဆဲပြစ်မှုတွေထဲမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ငွေကြေး ခဝါချမှုဥပဒေ၊ လူကုန်ကူးမှုဥပဒေ၊ မတရားအသင်းအက်ဥပဒေ၊ မူးယစ်ဆေးဝါးဥပဒေ၊ နိုင်ငံတော်သစ္စာဖောက် ဖျက်မှု၊ အကြည်ညိုပျက်စေမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ တရားခံပြေးပြစ်မှုတွေသာ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေမှာ အမိန့်အမှတ် ၁၄၇\၂၀၂၁ ပါ အပိုဒ် ၂(စ) နဲ့ ၂(ဆ) ပါပြစ်မှုတွေဟာ ပိတ်သိမ်းပေးမယ့်အထဲ မပါဝင်သလို၊ တရားစွဲဆိုတဲ့ တရားလိုဘက်က စက်တင်ဘာ ၃၀ ရက်နေ့မတိုင်ခင် သက်ဆိုင်ရာအမှုကို မပိတ်သိမ်းပေးသင့်ကြောင်း လျှောက်ထားလာမယ်ဆိုရင်လည်း အဲဒီပြစ်မှုတွေကိုလည်း ပိတ်သိမ်းမယ့်အထဲမှာ မပါဝင်ဘူးလို့ဆိုထား ပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၀ ရက်နေ့ကလည်း လောင်းကစားဥပဒေ၊ ယစ်မျိုးဥပဒေ၊ သစ်တောဥပဒေ၊ လက်နက်ဥပဒေ၊ ပြည့်တန်ဆာဥပဒေနဲ့ တခြားသော ဥပဒေတွေအပါအဝင် ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင်က တရားစွဲဆိုခံရသူတွေကို အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အင်းစိန်အကျဉ်းထောင်အပါအဝင် တစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံထားရသူတွေထဲက အကျဥ်းသား ၂၂၉၆ ယောက်ကိုတော့ ဇွန်လ ၃၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၂ ရက်နေ့မှာလည်း ချုပ်ရက်ပြည့်နဲ့ ပြန်လွတ်လာတဲ့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင် အရိယာဝံသာဘိဝံသနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် တို့ အပါအဝင် ဖမ်းဆီးခံထားရသူတချို့လည်း ပြန်လွတ်လာခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၁၁ ရက်နေ့ အထိစာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ စုစုပေါင်း ၇၁၅၁ ယောက်ရှိပြီး အဲဒီအထဲက ၅၅၅၀ ဥိး ကတော့ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။