စစ်ကိုင်းတိုင်းမှာ ဗျူဟာမှူးနဲ့ ၃၀ ကျော် သေဆုံးကြောင်း PDF ပြောဆိုချက် စစ်ကောင်စီ ငြင်းဆို

စစ်ကိုင်းတိုင်းက မြို့နယ် ခြောက်ခုမှာ အောက်တိုဘာလ ၁၁ ရက်နေ့ တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က ဗျူဟာမှူးတစ်ဦး အပါအဝင် ၃၀ ကျော် သေဆုံးပြီး PDF ဘက်က လေးဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်ခိုက်မှုဖြစ်တာမှန်ပေမယ့် ဗျူဟာမှူး သေဆုံးတယ်ဆိုတာမမှန်ဘူးလို့ တုံ့ပြန်ပါတယ်။

ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဥ်

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက အခုရက်ပိုင်းတွေအတွင်း အင်အားဖြည့်တင်းပြီး နေ့စဉ်နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အတွက် မနေ့က အောက်တိုဘာလ ၁၁ ရက် တစ်နေ့တည်းမှာ ပုလဲ၊ ယင်းမာပင်၊ မုံရွာ၊ မင်းကင်း၊ ထီးချိုင့်နဲ့ ချောင်းဦး စတဲ့မြို့နယ် ခြောက်ခုမှာ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ ပုလဲမြို့နယ်အတွင်းမှာ မနေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဗျူဟာမှူးတစ်ဦး အပါအဝင် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်၊ PDF ဘက်ကတော့ လေးဦး သေဆုံးခဲ့တယ်လို့ PDF အဖွဲ့က ပြောပါတယ်။

မုံရွာမြို့နယ်မှာတော့ အမှတ် (၂) ရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့လို့ ရဲနှစ်ဦး သေဆုံးပြီး ထီးချိုင့်မြို့နယ် လေသာရွာအနီးမှာလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြလို့ PDF ဘက်က လေးဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ကျေးရွာမှာလည်း တာဝါတိုင်စောင့်နေတဲ့ စစ်သားတစ်ယောက်ကို PDF ဘက်က တူမီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ်ဘက်ကနေ ပုလဲမြို့နယ်ဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကိုစောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာလို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်နဂါး က ပြောပါတယ်။

"တစ်နေ့ထဲ တိုက်ပွဲ သုံးပွဲဖြစ်တယ်။ ဒီအရင်နေ့ကတည်းကာ အကောင်ကြီးတစ်ကောင်ပါမယ်ဆိုလို့ ယာဉ်တန်းကိုစောင့်နေတယ်။ ၂၃ စီးမှာ ကားလေးတစီးနဲ့ ကြားညှပ်ပြီးတော့ ပါလာတယ်။ ခါတိုင်းဆို အဆင်ပြေတဲ့ကားတွေခွဲပေမဲ့ အခုက အဲဒီလိုမခွဲဘူး၊ ကားလေး သတ်မှတ်ထားတဲ့မိုင်းကွင်းထဲရောက်တဲ့ အချိန် ခွဲချလိုက်တယ်။ ကားလေးပျက်စီးသွားပြီး ကားပေါ်ကသူတွေသေပြီး ဒဏ်ရာရတယ်။ ဗျူဟာမှူး ပါတယ်။ ခေါင်ထိသွားပြီး အဲဒီဒဏ်ရာနဲ့သေတယ်။ စစ်ကိုင်းတိုင်းက စစ်ကောင်စီကို အရှိန်အဟုန်ကောင်း ကောင်းနဲ့ ဒုက္ခအပေးဆုံး၊ စစ်တပ်အင်အား အဖြုန်းတီးရဆုံးဆိုတော့ သူတို့နဲ့ထိတွေ့မှု အများဆုံး ဖြစ်တယ်"

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာ ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရ တာရှိပေမယ့် ဗျူဟာမှူး သေဆုံးတာမရှိဘူးလို့ RFA ကို ပြောပါတယ်။

ထီးချိုင့်မြို့နယ် လေသာရွာတိုက်ပွဲမှာ သေဆုံးခဲ့သူ ငါးယောက်မှာ အသက် ၂၀ ကျော်လူငယ် လေးယောက် ပါဝင်ပြီး အသက် (၅၀) ကျော်အရွယ် ဦတင်ညွန့်ကတော့ ဖမ်းဆီးခံရပြီးနောက် ပစ်သတ်ခံခဲ့ရတာလို့ PDF အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ၃၃ လက်အောက်ခံတပ်သားတွေနဲ့ ဖြစ်ပွားခဲ့တာလို့ လုံခြုံရေးအရ အမည်ဖော်လိုတဲ့ ထီးချိုင့်မြို့နယ် PDF အဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။

"၁၁ ရက်နေ့ဖြစ်စဉ်မှာ လေးယောက် သတ်ခံရတယ်။ တစ်ယောက်ကတော့ ဖမ်းဆီးပြီးမှ သတ်ခံရတယ် ကြားတော့ စုစုပေါင်း ငါးယောက်ပါ။ စစ်ကောင်စီက အင်အားအလွန်အကျွံသုံးပြီးတော့ ရွာတွေမှာ PDF တွေရှိမယ်ထင်ပြီး လာကြတာ၊ အခုက ကာကွယ်ရင်းနဲ့ ဖြစ်ကြတာ၊ လက်နက်ကြီးတွေနဲ့ပစ်တယ်။ ကလေးတွေနဲ့တွေ့ပြီး ပစ်ခံရတာ။ စစ်ကောင်စီယန္တရားကို ပြုတ်ကျအောင် တတ်နိုင်တဲ့ဘက်ကနေ လုပ်သွားမှာပါ"

ထီးချိုင့်မြို့နယ်အတွင်း အခုရက်ပိုင်းတွေမှာ အောက်တိုဘာလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ သုံးရက် အတွင်း ဆရာဝန်တစ်ဦး အပါအဝင် ဒေသခံ ၂၀ ထက်မနည်း စစ်တပ်က ဖမ်းဆီးထားသလို ဒီနေ့မှာလည်း လေသာရွာစာသင်ကျောင်းမှာ အင်အား ၁၀၀ လောက်နဲ့ တပ်စွဲထားတယ်လို့ PDF အဖွဲ့က ပြောပါတယ်။

"လက်နက်ကြီးတွေနဲ့ပစ်တယ်။ ကလေးတွေနဲ့တွေ့ပြီး ပစ်ခံရတာ"

မနေ့ကတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က စစ်သည်အချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

"ပုလဲဘက်မှာကော၊ ထီးချိုင့်ဘက်မှာကော ဖြစ်ခဲ့တဲ့ဖြစ်စဉ်မှာတော့ ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ် ရှိတယ်။ ရန်သူဦးရေကလည်း ၁၀ ဦး၊ ၁၅ ဦးလောက်ပါပဲ၊ လက်လုပ်ဆွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့တာတွေရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း စစ်သည်အချို့တော့ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တာလည်းရှိတယ်။ ဟိုဘက်က လည်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာလည်းရှိတယ်။ လုံခြုံရေးဆောင်ရွက်နေတဲ့ ကားလမ်း ဘေးကနေ မိုင်းတွေနဲ့ဖောက်ခွဲတယ်။ ယာဉ်တန်းကတော့ အနည်းငယ်ထိခိုက်ခဲ့တယ်"

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်တပ်ဘက်က ဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့တာက စက်တင်ဘာလ ၂၂ ရက်နေ့ ပင်လည်ဘူးမြို့နယ်အတွင်းက တိုက်ပွဲတစ်ခုပဲရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်အများအပြားကို PDF အဖွဲ့ဘက်က သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီဘက်က အကျအဆုံးများခဲ့တယ်လို့ PDF အဖွဲ့က ပြောဆိုထားတာပါ။

ပုလဲမြို့နယ်အတွင်း မနေ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ယင်းမာပင်မြို့၊ တယ်ပင်ကံ ကျေးရွာနဲ့ ဖိုလ်ဝင်တောင်လမ်းခွဲအနီးမှာ ထပ်မံမိုင်းဆွဲတိုက်ခံခဲ့ရပြီး မော်တော်ယာဉ်ပျက်စီးခဲ့သလို ထိခိုက် ဒဏ်ရာရရှိတာတွေရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အဲဒီလိုမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ နေရာအနီးက တယ်ပင်ကန်ရွာကို စစ်ကောင်စီက PDF တွေနဲ့ ပတ်သက်လို့ ရှာဖွေစစ်ဆေးခဲ့ပြီးနောက် နေအိမ် နှစ်လုံး မီးရှို့ခံခဲ့ရပြီး ဆိုင်ကယ် ငါးစီးကိုလည်း စစ်ကောင်စီဘက်က ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်ကိုင်းတိုင်းမှာ အခြေခံစစ်ပညာသင်ယူနေသူတွေကို တွေ့ရစဥ်) Photo: CJ

မနေ့ကတိုက်ခိုက်မှုတွေကြောင့် ဒေသခံအချို့ဟာ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လက်ပံတောင်းတောင်ဒေသခံတစ်ယောက်က ပြောပါတယ်။

“မနေ့က တယ်ပင်ကန်ရွာနားမှာဖြစ်တယ်။ ဝရမ်းအနောက်ဘက် သင်္ချိုင်းကုန်းနားထိရောက်လာတော့ ရွာကသူတွေလည်း အထုပ်အပိုးလေးတွေနဲ့ ထွက်ရှောင်နေကြတာပေါ့၊ စစ်တပ်ကား ငါးစီးနဲ့ ဆိုင်ကယ်တွေ မောင်းလာပြီး ဝမ်ပေါင်ကုမ္ပဏီနားမှာ ရပ်နေကြတယ်။ ရွာကသူတွေကတော့ ရွာထဲဝင်လာရင် ရှောင်ဖို့ပြင် ထားကြတာပေါ့၊ ဝမ်ပေါင်နားနီးတော့ သိပ်ကြမ်းရဲမယ်မထင်ပါဘူး။ တရုတ်ဦးပိုင်စီမံကိန်းရှိတော့ ဒီဒေသ ကို ဖိချင်တောင်မှ တအားကြီး အင်အားသုံးမဖိလောက်ဘူးလို့ထင်တယ်။ စီမံကိန်းဘက် မျှားဦးပြန်လှည့် မယ်ထင်လို့ မနေ့ညကလည်း စစ်ပွဲကိုထိန်းသွားတယ်ထင်တယ်"

ဒီနေ့မနက်မှာလည်း ပုလဲမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ပုလဲ PDF ကပြောပါတယ်။ ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။

ကနီမြို့နယ်မှာတော့ စစ်ကောင်စီကိုထောက်ခံတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အားပေးကူညီသူတွေအနေနဲ့ ပြည်သူလူထုနဲ့ CDM ဝန်ထမ်းတွေအပေါ် ဖိအားပေးနေတာတွေ ရပ်တန့်ဖို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org