စစ်ကောင်စီနဲ့ ဆက်ဆံမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော
ကမ္ဘောဒီးယားနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော် အာဏာယူထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံသွားမယ်လို့ ဒီနေ့ပြောလိုက်ပါတယ်။
- 2021-12-06
-
-
-
ကမ္ဘောဒီးယားနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော် အာဏာယူထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံသွားမယ်လို့ ဒီနေ့ပြောလိုက်ပါတယ်။
မနက်ဖြန်မှာ စစ်ကောင်စီက ခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဖို့ စီစဉ်ထားသလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဖို့ သူကိုယ်တိုင်လည်း နေပြည်တော်ကို သွားမယ့်အစီအစဉ်လည်း ဖြစ်လာနိုင်တယ်လို့ ဟွန်ဆန်က ပြောတဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနဲ့ ပတ်သက်လို့ အုပ်ချုပ်သူနဲ့ ဆက်ဆံရုံကလွဲလို့ တခြားနည်းလမ်းမရှိဘူးလို့ ဟွန်ဆန်က ပြောသလို၊ အာဆီယံညီလာခံတွေကို မြန်မာစစ်ခေါင်းဆောင် တက်ခွင့်ရှိတယ်လို့လည်း သူကပြောပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ကမ္ဘောဒီးယားအစိုးရရဲ့ဖိတ်ကြားချကနဲ့ ဒီနေ့ ဖနွမ်းပင်ကို ခရီးထွက်သွားတယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးဌာန အရာရှိတစ်ယောက်က RFA ကို ပြောပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ်လည်း ဒီသတင်းတပတ်ထဲ ဖြစ်လာနိုင်တယ်လို့ သူကပြောပါတယ်။
ဦးဝဏ္ဏမောင်လွင်ရဲ့ ခရီးစဉ်မှာ ဘာတွေဆွေးနွေးမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ ဒါပေမဲ့ လာမယ့်နှစ်မှာ ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရမှာဖြစ်လို့ မြန်မာနဲ့ပတ်သက်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် ကို အကောင်အထည်ဖော်ရေးဆွေးနွေးဖို့ ဖြစ်နိုင်တယ်လို့ သံတမန်ရေးကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။
အာဆီယံအသင်းမှာ သြဇာကြီးတဲ့ စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား တို့က ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီကမလိုက်နာတဲ့အတွက် မြန်မာစစ်ခေါင်းဆောင်ကို ဖိအားပေးဆက်ဆံနေတဲ့အချိန်မှာ၊ နောက် နှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် ကမ္ဘောဒီးယားက အခုလိုဆက်ဆံလာတာဖြစ်ပါတယ်။