ခင်ဦးမှာ စစ်ကောင်စီသတင်းပေးလို့စွပ်စွဲချက်နဲ့ တစ်ရက်တည်း လူငါးဦး အသတ်ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက စစ်ကောင်စီကို သတင်းပေးနေပြီး ပျူစောထီး အဖွဲ့ဝင်တွေလို့ နာမည်ကြီးနေသူ ငါးဦး နိုဝင်ဘာလ ၁၈ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာပဲ သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ဧပြီ ၅ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် Photo: CJ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက စစ်ကောင်စီကို သတင်းပေးနေပြီး ပျူစောထီးအဖွဲ့ဝင်တွေလို့ နာမည်ကြီး နေသူ ငါးဦး နိုဝင်ဘာလ ၁၈ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာပဲ သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အခု အသတ်ခံရသူတွေက စိုင်ဂေါင်းရွာက ဦးမြင့်နဲ့ ဇနီး ဒေါ်ဌေးရှင်၊ ကုလားလူးရွာက ကိုညိုကြီး၊ ရွှေမင်းဝံ ရွာက ကိုဇော်မင်းငြိမ်းနဲ့ ဒေါ်မိုးသန်းငြိမ်းတို့ဖြစ်ပြီး တောကြီးမြွေဟောက်အဖွဲ့-ခင်ဦးအဖွဲ့ကတော့ သူတို့ လက်ချက်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကို သတင်းပေးတိုင်ကြားတာ၊ ပျူစောထီး သင်တန်းတွေပေးတာ၊ ပျူစောထီးအဖွဲ့ဝင်သစ်တွေ စုဆောင်းတာ၊ ကျေးရွာတွေကို စစ်ကောင်စီတပ်သားများ လာရောက်စဉ် တက်ကြွလှုပ်ရှားသူတွေရဲ့‌ နေအိမ် တွေကို လမ်းပြဖျက်ဆီးခိုင်းတာ၊ PDF အဖွဲ့တွေကို လိုက်လံစုံစမ်းထောက်လှမ်းတာ စတဲ့အချက်တွေကို ပြုလုပ်နေတာကြောင့် ရှင်းလင်းရတာလို့ တောကြီးမြွေဟောက်အဖွဲ့ -ခင်ဦးက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ပြည်သူအချင်းချင်း သတ်နေကြတာ မဟုတ်ပါဘူး။ ရပ်ရွာလူထုအပေါ် သစ္စာဖောက်နေတဲ့သူတွေကို ရှင်းတာပါ။ အကြမ်းဖက်ဆောင်ရွက်နေတာလည်း မဟုတ်ပါဘူး သတိပေး တားမြစ်ချက်တွေ ထုတ်ပြီးမှ ဒလံလုပ်သူကိုပဲ ရှင်းတာပါ မိသားစုကို မထိပါဘူး”

စစ်ကောင်စီကို သတင်းပေးတာ၊ လမ်းပြတာတွေကြောင့်လည်း ကျေးရွာတွေ ဝင်ရောက်စီးနင်းခံရတဲ့အချိန် တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်တွေမီးရှို့ခံရတာ၊ အရပ်သားပြည်သူတွေ ပစ်သတ်ခံရတဲ့ အခြေအနေတွေ လည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ခင်ဦးမြို့နယ် ကုလားလူးရွာက စစ်ကောင်စီသတင်းပေးလို့ သတ်မှတ်ခံထားရသူ ကိုတင်မင်းထွန်းနဲ့ ကိုအောင်ကြည်စိုးတို့ နှစ်ဦးကိုလည်း သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် တွေရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org