အာဏာသိမ်း သုံးနှစ်အတွင်း လူ ၄၅၀၀ နီးပါး သေဆုံးခဲ့

အာဏာသိမ်း သုံးနှစ်အတွင်း စစ်ကောင်စီရဲ့ လက်အောက်ခံတပ်ဖွဲ့တွေကြောင့် ပြည်သူပေါင်း ၄၄၇၄ ဦး သေဆုံးခဲ့ရပါတယ်။

လွိုင်ကော်မြို့နယ် ထူဒူငံသရွာတွင် စစ်တပ်မှ သတ်ဖြတ်ခဲ့သည့် သားအမိနှစ်ဦး၏ ရုပ်အလောင်းအား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့က လူမှုကူညီရေးအသင်း သယ်ဆောင်လာစဉ်။ ရွှေညောင်ပင်လူမှုကူညီရေးအသင်း

အာဏာသိမ်း သုံးနှစ်အတွင်း စစ်ကောင်စီရဲ့ လက်အောက်ခံတပ်ဖွဲ့တွေကြောင့် ပြည်သူပေါင်း ၄၄၇၄ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီလ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ သုံးနှစ်ပြည့်တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အတွင်း စာရင်းတွေကို AAPP က ထုတ်ပြန်ထားတာပါ။

သုံးနှစ်အတွင်း ဖမ်းဆီးခံရသူပေါင်း ၂၅၉၄၀ ဦး ရှိခဲ့ပြီး အဲဒီထဲက ၂၀၀၀၂ ဦးဟာ ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ AAPP က ဖော်ပြပါတယ်။

ဖမ်းခံထားရဆဲသူတွေထဲမှာ ၈၆၇၉ ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

သေဒဏ်ချခံထားရသူတွေဟာလည်း ၁၆၂ ဦးရှိနေပြီး အဲဒီထဲက ၄၃ ဦးဟာ မျက်ကွယ်ပြစ်ဒဏ် ချခံခဲ့ရတယ်လို့ AAPP က ရေးသားထားပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ PDF အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ဇန်နဝါရီ ၂၉ နေ့အထိ နိုင်ငံတစ်ဝန်းမှာ ရဟန်း၊ သီလရှင်၊ အပြစ်မဲ့ပြည်သူနဲ့ နိုင်ငံဝန်ထမ်းပေါင်း ၆၈၈၀ ဦး သေဆုံးခဲ့ရပြီး အဲဒီအထဲက အပြစ်မဲ့ ပြည်သူဦးရေက ၅၆၇၇ ဦးအထိရှိခဲ့တယ်လို့ ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org