အာဆီယံခေါင်းဆောင်တွေ မြန်မာစစ်ခေါင်းဆောင်ကို စိတ်ပျက်နေ
အောက်တိုဘာလ ၄ ရက် မနေ့က အာဆီယံရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးကို ဗီဒီယို ကွန်ဖရင့်ကနေ ကျင်းပခဲ့ရာမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေက ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာကိစ္စရပ်တွေကို ဆွေးနွေးသုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။
-
ရဲခေါင်မြင့်မောင် (ဝါရှင်တန် ဒီစီ)
2021-10-04 -
-
-
အောက်တိုဘာလ ၄ ရက် မနေ့က အာဆီယံရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ဗီဒီယို ကွန်ဖရင့် ကနေ ကျင်းပခဲ့ရာမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေက ဒေသတွင်းနဲ့ နိုင်ငံတကာ ရေးရာကိစ္စရပ်တွေကို ဆွေးနွေးသုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် အာဆီယံရဲ့ အထူးသံတမန် မစ္စတာ ဒါတို အာရီဝမ် ယူစွန်က အာဏာ သိမ်း စစ်ကောင်စီနဲ့ ရထားတဲ့ five point consensus သဘောတူညီချက်ပါ အချက်တွေကို အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေအနေတွေကို အစီရင်ခံတင်ပြခဲ့ပြီး၊ မြန်မာစစ်တပ်အနေနဲ့ အာဆီယံ အထူးသံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေကြောင်း တက်ရောက်လာတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက တိုက်တွန်းခဲ့ကြပါတယ်။
“မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် တိုးတက်မှု မရှိပါဘူး။ မြန်မာစစ်တပ်ဟာ အာဆီယံ အထူးသံရဲ့ ကြိုးပမ်း အားထုတ်မှုအားလုံးကို အပြုသဘောဆောင်တဲ့ တုံ့ပြန်မှု မရှိခဲ့ပါဘူး။ ဒါကြောင့် အဖွဲ့ဝင်နိုင်ငံအားလုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။ အဖွဲ့ဝင်နိုင်ငံ အချို့ကဆိုရင် ဒီလိုပုံစံနဲ့ အာဆီယံအတွက် ပုံမှန်အလုပ်လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်”
ဒါကတော့ မနေ့က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်တနို မာဆူဒီက ပြောသွားတာပါ။
အာဆီယံ အထူးသံဟာ စစ်ကောင်စီက ထိန်းသိမ်းခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အထိန်းသိမ်းခံ NLD ပါတီဝင်တွေ၊ အရပ်သား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆို ထားတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအချိန်မှာ တရားရင်ဆိုင်နေရတဲ့အတွက် တွေ့ဆုံခွင့် ခွင့်ပြုဖို့ ခက်ခဲနေတယ်၊ အာဏာသိမ်း စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့အပတ်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah ကတော့ အာဏာသိမ်း စစ်ကောင်စီဟာ အာဆီယံ အထူးသံနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ၊ ခုပုံအတိုင်းဆိုရင် အာဏာသိမ်း စစ်ကောင်စီ SAC ရဲ့ ဥက္ကဋ္ဌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အခုလကုန်မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်ခွင့်ပြုဖို့ ခက်ခဲလိမ့်မယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
စင်္ကာပူ အခြေစိုက် International Institute for Strategic Studies က အရှေ့တောင်အာရှ လေ့လာရေး အစီအစဉ်ကတော့၊ အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ခံရနိုင်ကြောင်း တရားဝင် အသိပေးမယ်ဆိုရင် အာဏာသိမ်း စစ်ကောင်စီဟာ အာဆီယံကို ပေးထားတဲ့ သဘောတူညီချက် ငါးချက်ကို လိုက်နာဖို့ တွန်းအာတစ်ရပ် ဖြစ်လာနိုင်တယ်လို့ RFA ရဲ့ ညီနောင် သတင်းဌာနဖြစ်တဲ့ Benar news ကို ပြောခဲ့ပါတယ်။
အာဆီယံ ပဋိညဉ် စာချုပ်ထဲမှာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခြင်းအတွက် သတ်မှတ် ပြဌါန်းထားတာ မရှိပေမယ့်၊ အာဆီယံအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေဟာ အာဆီယံ ထိပ်သီးအစည်းအဝေး တွေမှာ အာဏာသိမ်း စစ်ကောင်စီကို အရေးယူမယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်တဲ့ အခွင့်အာဏာရှိ တယ်လို့ စင်ကာပူအစိုးရရဲ့ Yusof Ishak အာဆီယံလေ့လာရေး အင်စတီကျုက မြန်မာ့အရေး သုတေသီ ဒေါ်မိုးသူဇာက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီအပေါ် အာဆီယံရဲ့ ဖိအားပေး ဆောင်ရွက်မှုတွေ ထိရောက်မှု ရှိနိုင်မလား ဆိုတာနဲ့ပတ်သက်ပြီး၊ ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံရပြီးချိန်မှာ အဲဒီအချိန်က SPDC စစ်အစိုးရဟာ နိုင်ငံတကာ အကူအညီတွေ ဝင်ရောက်ခွင့်ပေးဖို့ ခွင့်မပြုခဲ့တဲ့ အခြေအနေမှာ အာဆီယံရဲ့ လုပ်ဆောင်ချက် တွေနဲ့ နိုင်းယှဉ်သုံးသပ်နိုင်ကြောင်း ဒေါ်မိုးသူဇာက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ အာဆီယံနဲ့ အာဆီယံက စေလွှတ်တဲ့ သံတမန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအပေါ် အလေးထား ဆောင်ရွက်မှု မရှိတာနဲ့ ပတ်သက်ပြီး၊ အာဆီယံအနေနဲ့ စစ်ကောင်စီကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခြင်း၊ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းနဲ့ NUG အစိုးရ ဝန်ကြီးတွေနဲ့ တရားဝင် ထိတွေ့ဆက်ဆံခြင်း စတဲ့နည်းလမ်းတွေနဲ့ တုံ့ပြန်မှသာ စစ်ကောင်စီဘက်က အာဆီယံကို အလေးထားလာလိမ့်မယ်လို့ Global Center for Responsibility to Protect အဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူးက ပြောကြားခဲ့ပါတယ်။