ခရမ်းမှာ စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရပြီးနောက် PDF နဲ့ အပြန်အလှန်ပစ်ခတ်

မနေ့ကညနေ ၆ နာရီလောက်မှာ ရန်ကုန်တိုင်း ခရမ်းမြို့နယ် ငရုတ်သီးလှော်တံတားအနီး စစ်ကောင်စီ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီနဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ် PDF တို့ကြား အပြန်အလှန်ပစ်ခတ်ခဲ့ ကြပါတယ်။

ရန်ကုန်မြို့၊ ဗားဂရာလမ်း၊ ရှမ်းလမ်းမီးပွိုင့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်နေ့က တွေ့ရစဉ်

မနေ့ကညနေ ၆ နာရီလောက်မှာ ရန်ကုန်တိုင်း ခရမ်းမြို့နယ် ငရုတ်သီးလှော်တံတားအနီး စစ်ကောင်စီ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီနဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ် PDF တို့ကြား အပြန်အလှန်ပစ်ခတ်ခဲ့ကြပါတယ်။

ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးတာတွေရှိသလို ခရမ်း PDF တပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံးပြီး ဒဏ်ရာရထားတဲ့ တစ်ယောက်ကိုတော့ စစ်ကောင်စီက ဖမ်းသွားတယ်လို့ ခရမ်း PDF ပြောခွင့်ရှိသူက RFA ကို တယ်လီဖုန်း မက်ဆေ့ကနေတဆင့် စာနဲ့ ဖြေကြားပါတယ်။ စစ်ကောင်စီရဲ့ ယာဉ် တန်းကို ခရမ်း PDF ဘက်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့လည်း အတည်ပြုပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ ထုတ်ပြန်တာ မရှိသေးပါဘူး။

"တစ်နိုင်ငံလုံး အနေအထားနဲ့ တော်တော်ကြာရင် ငတ်ကုန်မယ့် ပုံစံမျိုးမြင်နေရတယ်"

ဒီလိုပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက် ခရမ်းမြို့ပေါ်မှာ ဒီနေ့တစ်နေ့လုံး လူခြေတိတ်ဆိတ်နေတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

“မနေ့က ငါးနာရီခွဲပြီးလောက်ကတည်းကတော့ ပစ်နေပြီကြားတယ်။ ဗုံးတွေလည်း ဖောက်တယ်ပေါ့နော်။ ၆ နာရီလောက်ကျတော့ လမ်းမှာလူတစ်ယောက်မှ မရှိတော့ဘူး။ ရှိတဲ့လူတွေလည်း အဲဒီမှာခေါ် ပြီးတော့ ရိုက်တယ်ဘာညာအသံကြားတာပဲ။ ညဘက်တွေလည်း ဆယ်နာရီ ဆယ့်တစ်နာရီလောက်ထိတော့ ပစ်နေ ကြတာပဲ။ ဒီဘက်ကတော့ လူငယ် သုံးယောက် ဆုံးသွားတယ်ပေါ့နော်။ ဟိုဘက်ကတော့ အတိအကျ မသိဘူး။ ပစ်ရင်းခတ်ရင်းနဲ့ ဆုံးသွားတာက နှစ်ယောက်။ ကောင်လေးတစ်ယောက်ကိုတော့ မိသွားတယ်။ မိသွားပြီးတော့ သူတို့ဆီရောက်မှ အဲဒီကောင်လေးက သေသွားတယ်ပေါ့နော်။ ဒီမနက်ပိုင်းတော့ လူတွေ တော့ မတွေ့ဘူး မြို့ထဲမှာ ဈေးဝယ်သူတွေလည်း ရုတ်ရုတ်ရုတ်ရုတ်ပဲ။ ဈေးက အစောကြီး ဆယ်နာရီ လောက်ပဲရှိသေးတယ် ဈေးတွေလည်း အကုန်ပိတ်ပြီးပြန်လာကြတာ။ ဘယ် သူမှတော့ မထွက်ရဲဘူးပေါ့”

မနေ့ကဖြစ်ခဲ့တဲ့ စစ်ကောင်စီယာဉ်တန်းမိုင်းခွဲတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီဘက်က ငါးယောက် သေဆုံးခဲ့ တယ်လို့ ဒေသခံတွေက ပြောဆိုကြပြီး အဲဒီသေဆုံးထိခိုက်မှုနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။

ဒီနေ့မနက်မှာလည်း ခရမ်းမြို့ထဲမှာ စစ်ကားတွေနဲ့ အင်အားဖြည့်ထားသလို ခရမ်းမြို့နယ် သံပုရာကန်ရွာနဲ့ အလယ်ရွာတို့မှာလည်း စစ်သားတွေ လုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ နေရာယူထားကြတယ်လို့ ဆိုပါတယ်။

မနေ့က ပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့ မြို့နယ် ရဲစခန်းရှေ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ရှေ့တွေ နားမှာလည်း စစ်ကောင်စီတပ်သားတွေ ဒီနေ့ ထပ်တိုးချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခရမ်းမြို့ထဲက လမ်းသွား လမ်းလာတွေရဲ့ ဖုန်းတွေကို စစ်ကောင်စီတပ်သားတွေက စစ်ဆေးတာ၊ ခေါ်ယူမေးမြန်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူပဲ မနေ့က အင်းစိန်ထောင်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ထောင်ရှေ့မှာ လေးလုံး ပေါက်တယ်။ အင်းစိန်ဈေးကြီးရှေ့မှာ ထောင်မကြီး အကြီးကြီးရှိတယ်။ အဲဒီ အရှေ့မှာ လေးလုံးပေါက်တာ။ နှစ်လုံးကတော့ တော်တော်ကျယ်တယ်။ ၈ နာရီခွဲ ၉ နာရီလောက်မှာ ပေါက်တာ။ ဆက်တိုက်ပေါက်တာ။ အကြီးနှစ်လုံးက အုံးအုံးဆိုပြီး တော်တော်ကျယ်တယ်။ မြေကြီးတွေ တောင် တုန်တယ်။ အဲဒီနားမှာ မီးသတ်မှာ တပ်ကတပ်စွဲထားတာတော့ကြာပြီ။ အဲဘက်ခြမ်းက ပေါက် တာ။ ထိခိုက်ဒဏ်ရာတော့ မရှိကြဘူး။ အဲဒီအချိန် ဘယ်သူမှ အပြင်မထွက်တော့ဘူး။ ၇ နာရီလောက်ဆို အင်းစိန်က တိတ်သွားပြီ။ အပြင်သိပ်မထွက်ကြတော့ဘူး”

ရန်ကုန်တိုင်းထဲမှာ မနေ့ကတစ်ရက်တည်းမှာတင် ဗုံးပေါက်ကွဲမှု ၂၂ ကြိမ်အထိဖြစ်ခဲ့ပြီး အင်းစိန်၊ မြောက် ဥက္ကလာ၊ တွံတေး၊ မြောက်ဒဂုံ၊ ခရမ်း၊ ရွှေပြည်သာ၊ ပုဇွန်တောင်၊ လှိုင်၊ ဗဟန်း၊ မရန်းကုန်း၊ သန်လျှင်နဲ့ တောင်ဥက္ကလာ စတဲ့မြို့နယ်တွေမှာ ပေါက်ကွဲခဲ့တာလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အဲဒီလို ဗုံးပေါက်ကွဲတဲ့ အခြေအနေတွေကြောင့် ဒေသခံတွေ ထိတ်လန့်ကြောက်ရွံ့နေရပြီး ရန်ကုန်မြို့က ပြည်သူတွေတောင် မလိုအပ်ရင် အိမ်ပြင်မထွက်ကြတော့ဘူးလို့ ဆိုပါတယ်။

“မြောက်ဒဂုံမှာလည်း မနေ့ညက ပေါက်ကွဲသံကြားလိုက်တယ်။ ခရမ်းအပါအဝင် နေရာ ၂၀ လောက်မှာ ပေါက်ကွဲတယ်လို့ သိရတယ်။ ရန်ကုန်မှာတော့ တရားဥပဒေစိုးမိုးမှုက လုံးဝမရှိတော့ဘူး။ ရန်ကုန် လမ်းမပေါ်မှာလည်း မဖြစ်မနေမှထွက်နေရတဲ့ ပြည်သူတွေ ဖြစ်နေတယ်။ စစ်တပ်ကလည်း ဘယ်သူ့ကို ဖမ်းလို့ဖမ်းမှန်းမသိတဲ့ ဘဝတွေ ဖြစ်နေတယ်။ ကျီးလန့်စာစားပေါ့ဗျာ။ ရေရှည်ကျတော့ အကုန်လုံးငတ်ပြီး သေကုန်မယ့် အနေအထားတောင် ဖြစ်နေတယ်။ လက်ရှိ စစ်တပ်က ပြည်သူကို ပစ်လိုက်၊ နှိပ်စက်လိုက်၊ ကုန်ဈေးနှုန်းကတက်လိုက်နဲ့ ရန်ကုန်မြို့တင် မဟုတ်ဘူး။ တစ်နိုင်ငံလုံး အနေအထားနဲ့ တော်တော်ကြာရင် ငတ်ကုန်မယ့် ပုံစံမျိုးမြင်နေရတယ်။ စစ်အစိုးရမြန်မြန် ကျဆုံးပါစေလို့ပဲ ပြောချင်တယ်”

ဒီရက်ပိုင်းအတွင်း ရန်ကုန်တိုင်းထဲက ပစ်ခတ်တိုက်ခိုက် ဗုံးကွဲမှုအခြေအနေတွေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

(ခရမ်းမြို့ကို ၂၀၂၁ စက်တင်ဘာ ၁၈ ရက်နေ့က တွေ့ရစဉ် - Photo: CJ)

စစ်ကောင်စီကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ခုခံတော် လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ သူတို့ရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကို ဒေသခံခုခံကာကွယ်ရေး တပ်တွေက ပစ်မှတ်ထားတိုက်ခိုက်လာတဲ့ဖြစ်စဉ်တွေ အရင်ထက်ပိုများလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG က စစ်ကောင်စီကို စစ်ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး အမေရိ ကန်အစိုးရကတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အကြမ်းဖက်တိုက်ခိုက်ပြီး ဖြေရှင်းမှာကို လက်မခံ ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို၊ ယူကေနိုင်ငံကလည်း မြန်မာနိုင်ငံမှာ နောက်ထပ်ပဋိပက္ခတွေကို ထပ်မဖြစ်စေချင်တော့ဘူးလို့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့တာပါ။

RFA က စကားပြောခဲ့တဲ့ ပြည်သူအများစုကတော့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ စစ်ကောင်စီအပေါ် စစ်ကြေညာချက်ကို ထောက်ခံကြောင်း ပြောဆိုကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org