စစ်တွေအခြေစိုက် သတင်းဌာနတွေကို စစ်ကောင်စီ လိုက်လံရှာဖွေနေ

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် Western News နဲ့ Narinjana သတင်းဌာန နှစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၁၉ ရက်မနေ့က လိုက်လံရှာဖွေနေ တယ်လို့ Western News သတင်းဌာနရဲ့ အယ်ဒီတာချုပ်က RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် Western News သတင်းဌာနရဲ့ အမှတ်အသားကို တွေ့ရစဉ် Photo: Western News

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် Western News နဲ့ Narinjana သတင်းဌာနနှစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက နိုဝင်ဘာ ၁၉ ရက်မနေ့က လိုက်လံရှာဖွေနေတယ်လို့ Western News သတင်းဌာနရဲ့ အယ်ဒီတာ ချုပ်က RFA ကို ပြောပါတယ်။

မနေ့ ည ၉ နာရီဝန်းကျင်က စစ်တွေမြို့နယ်ထဲမှာ စစ်ကား နှစ်စီး၊ ရဲကား တစ်စီးတို့နဲ့ Western News ရုံးရဲ့ တည်နေရာကို လိုက်လံစုံစမ်းနေကြတယ်လို့ Western News ရဲ့ အယ်ဒီတာချုပ်က ဆိုပါတယ်။

"ဘာကြောင့်လာရှာလဲဆိုတာက စစ်တပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့က တောက်လျောက်ရေးတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါတယ်၊ အဓမ္မပြုကျင့်တာတွေရှိတယ်၊ ရွာတွေမှာ ဖမ်းဆီးသွားတာတွေ ရှိတယ်။ နောက်တစ်ခါ မကြာသေးခင်က စစ်ကောင်စီဆိုတဲ့ အသုံးနှုန်းကို ကျွန်တော်တို့ သုံးတယ်။ စစ်တပ်က အဲဒါကို မကြိုက်ဘူး"

ဒီလို လိုက်လံမရှာဖွေခင်ချိန်တုန်းကလည်း Western News ရဲ့ အရင်ရုံးအဟောင်းကို မြို့နယ်ရဲမှူး ကိုယ်တိုင် လာပြီး စစ်ကောင်စီလို့ မသုံးနှုန်းဖို့၊ AA နဲ့ ပတ်သက်ပြီးရေးသားရင် သတိထားဖို့ လာရောက်ဖိအားပေးခဲ့တယ် လို့ ဆိုပါတယ်။

ဒါ့အပြင် အယ်ဒီတာချုပ်နဲ့ သတင်းထောက်တွေကို ပြည်နယ် နယ်/လုံဝန်ကြီးနဲ့ မြို့နယ် ရဲမှူးတို့က အစိုးရရုံး ကိုခေါ်ပြီး ထပ်မံသတိပေးခဲ့ဖူးတယ်လို့ ပြောပြပါတယ်။

ကချင်ပြည်နယ် လိုင်ဇာက ဗိုလ်လောင်းသင်တန်းကျောင်းပေါ်ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ AA က ကျဆုံးခဲ့သူတွေရဲ့ (၇) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား နိုဝင်ဘာ ၁၉ ရက် မနေ့က ကျရောက်ခဲ့ပြီး အဲဒီသတင်းကိုဖော်ပြခဲ့တာကြောင့် လာရောက်ရှာဖွေတာဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်ထဲက သတင်းဌာနတွေကို ပထမဆုံးအကြိမ် လာရောက်ရှာဖွေ ခံရတာဖြစ်ပြီး လက်ရှိမှာတော့ Western News ရဲ့ ရုံးခန်းကို ပိတ်ထားရပြီး ဒီလို စစ်ကောင်စီက လိုက်ရှာဖွေ နေပေမယ့် သတင်းတွေကိုတော့ ဆက်လက်လုပ်ကိုင် ဖော်ပြသွားမယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်ပြီးနောက် ပြည်တွင်းသတင်းဌာန ၉ ခုတို့ဟာ စစ်ကောင်စီရဲ့ လိုင်စင်ပိတ်သိမ်းတာခံခဲ့ရပြီး သတင်းမီဒီယာ ၃ ခုထက်မနည်းတို့ရဲ့ ရုံးခန်းတွေဟာ စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်ရှာဖွေတာ ခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org