ပခုက္ကူ အင်းဝဘဏ်ရှေ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရ၊ နှစ်ဦး သေဆုံး

ပခုက္ကူမြို့ အင်းဝဘဏ်ရှေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပခုက္ကူ ပြည်သူ့ ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ပါတယ်။

ပခုက္ကူမြို့ကို တွေ့ရစဉ် Photo: CJ

မကွေးတိုင်း ပခုက္ကူမြို့ မြို့မလမ်းပေါ် အင်းဝဘဏ်ရှေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီ ၄ ရက် မနေ့ညနေပိုင်းမှာ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီဘက်က နှစ်ဦး သေဆုံးခဲ့တယ်လို့ ပခုက္ကူ PDF အဖွဲ့က ပြောပါတယ်။

မြို့မလမ်းတလျှောက် လုံခြုံရေးကင်မရာတွေတပ်ထားပြီး အဲဒီဘဏ်ရှေ့မှာ ဘန်ကာတွေ ဆောက် အထိုင်ချလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လာရောက်ပစ်ခတ် သွားတာလို့ မြို့ခံတစ်ဦး က ပြောပါတယ်။

"ပစ်ခတ်သံတွေ ကြားရတယ် အများကြီးပဲ ရမ်းပစ်နေကြတာ။ ပစ်ခတ်ပြီးတော့လည်း စစ်တပ်ဘက်က လမ်းပေါ်မှာ အစစ်အဆးတွေ လုပ်နေတယ်"

စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သလို သုံးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပခုက္ကူ PDF ဘက်က မနေ့ညပိုင်းထုတ်ပြန်တဲ့အထဲမှာ ဖော်ပြထားပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီပေါက်လမ်းတလျှောက်မှာ ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်အတည်ပြုနိုင်ဖို့ ကြိုစားနေ ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်ကလည်း ထင်းတန်းလမ်းပေါ်က ကမ္ဘောဇဘဏ်ရဲ့ ATM ငွေထုတ်စက်ကို ပခုက္ကူ အခြေစိုက် Earthquake people's Defence UG အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org