စစ်တပ်ကြောင့် ရက်ပေါင်း လေးဆယ်အတွင်း လူတစ်ရာခန့်သေဆုံးခဲ့ကြောင်း AAPP ပြော

ရက်ပေါင်း လေးဆယ်အတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ကြောင့် သေဆုံးခဲ့သူ တစ်ရာခန့်ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နေပြည်တော်တွင် တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ AFP

ဇူလိုင်လ ၁ ရက်နေ့ကနေ သြဂုတ်လ ၉ ရက် မနေ့ကအထိ ရက်ပေါင်း လေးဆယ်အတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ကြောင့် သေဆုံးခဲ့သူ တစ်ရာခန့်ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

အမျိုးသမီး ၂၇ ဦးနဲ့ အမျိုးသား ၇၂ ဦး စုစုပေါင်း ၉၉ ဦးစာရင်းကို အမည်နဲ့တကွ အတည်ပြုနိုင်တယ်လို့ AAPP က ပြောပါတယ်။ အဲဒီထဲမှာ ၄၅ ဦးက စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

ဒီစာရင်းဟာ AAPP က လက်လှမ်းမီသလောက် ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ပြောထားပါတယ်။

AAPP ရဲ့စာရင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး အခုနှစ် သြဂုတ် ၉ ရက်နေ့အထိ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၅၄၈၂ ဦး သေဆုံးခဲ့ပြီး သီးခြားစာရင်းပြုစုထားတဲ့ အတည်ပြုဖို့လိုအပ်နေတဲ့ အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူက ၂၃၀၀ ရှိတယ်လို့ AAPP က ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းမှုနဲ့ဆက်စပ်လို့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇,၁၇၅ ဦးရှိပြီး အဲဒီအထဲက ၂၀,၇၃၃ ဦးက ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့လည်း AAPP စာရင်းမှာ ဖော်ပြထားပါတယ်။ ထိန်းသိမ်းခံထားရသူတွေထဲက ၉၃၂၃ ဦးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၇ ဦးရှိပြီး ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ၆၄၄၂ ဦးရှိတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org