ကလေးမြို့က ကိုးတန်းကျောင်းသား လူသတ်ဓားပြမှုနဲ့ ရင်ဆိုင်နေရ
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ပုန်ကန်လာအောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၅၀၅ (က) နဲ့ အမှုရင်ဆိုင်နေရတဲ့ အသက် ၁၆ နှစ်အရွယ် ကိုးတန်း ကျောင်းသား မောင်ကျော်မင်းခန့်မောင်ဟာ လူသတ်ဓားပြမှု ပုဒ်မ - ၃၉၆ နဲ့ပါ ထပ်မံစွဲဆိုခံထားရတယ်လို့ မိသားစုက RFA ကို ဒီနေ့ပြောပါတယ်။
- 2021-12-15
-
-
-
စစ်ကောင်စီတပ် ဖမ်းသွားတဲ့ ကလေးမြို့က ကိုးတန်းကျောင်းသား မောင်ကျော်မင်းခန့်မောင်ကို တွေ့ရစဉ်
Photo - Citizen Journalist
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ပုန်ကန်လာအောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ အမှုရင်ဆိုင်နေရတဲ့ အသက် ၁၆ နှစ်အရွယ် ကိုးတန်းကျောင်းသား မောင်ကျော်မင်းခန့်မောင်ဟာ လူသတ် ဓားပြမှု ပုဒ်မ - ၃၉၆ နဲ့ပါ ထပ်မံစွဲဆိုခံထားရတယ်လို့ မိသားစုက RFA ကို ဒီနေ့ပြောပါတယ်။
မောင်ကျော်မင်းခန့်မောင်ဟာ အပြစ်ကျူးလွန်တဲ့ အထောက်ထား တစ်စုံတစ်ရာမတွေ့ရဘဲ စွဲဆိုခံထား ရတာဖြစ်လို့ လက်ခံနိုင်စရာမရှိဘူးလို့ ဖခင်ဖြစ်သူက ပြောပါတယ်။
"ကျနော်တို့ဘက်ကတော့ ဘာမှလုပ်လို့မရတဲ့ အခြေအနေဆိုတော့ ကျနော်တို့ ဘယ်လိုပဲလုပ်လုပ် သူတို့က တပ်ချင်တဲ့ပုဒ်မ တပ်ပြီးစွဲတာဆိုတော့ ဘာမှတုံ့ပြန်လို့မရဘူး။ ဒါပေမဲ့ ရှေ့နေတစ်ယောက်ကို အကူအညီ တောင်းလို့ သူတို့လိုက်ပေးတယ်။ လိုက်ပေးတယ်ဆိုတာက အခကြေးငွေ နိုင်သလောက်လေး ကန်တော့ဖို့ ဆိုပြီးတော့ ရှေ့နေတစ်ယောက်တော့ ငှားထားတယ်။ သူနဲ့ပတ်သက်လို့ သူ့ရဲ့ အသက်မပြည့်တဲ့ဟာတွေ ရယ်၊ ဒီအမှုမှာ ပါဝင်ပတ်သက်မှုမရှိဘူးဆိုတာတွေ နောက်ထပ် ပုဒ်မ - ၃၉၆ နဲ့ စွဲထားတဲ့အမှုတွေမှာပေါ့ နော်။ အဲဒါဟာမျိုးလုပ်ပေးဖို့ ကျနော်ရှေ့နေတော့ ငှားထားတယ်။ ဒါပေမဲ့ ငှားတာငှားထားတာပါ။ သူဘာမှမတတ်နိုင်ဘူးဆိုတာလည်း နားလည်ပါတယ်။ အဖြစ်ငှားတယ်ဆိုတာမျိုးပဲဖြစ်သွားမှာပါ"
မောင်ကျော်မင်းခန့်မောင်ဆီမှာ ဓါးတစ်လက်နဲ့ ဗုံးတစ်လုံးတွေ့တယ်ဆိုပြီး ဇွန်လ ၂၀ ရက်နေ့က ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်၊ အေးမြဝေစည်ဘုန်းကြီး ကျောင်းအနီးမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဖခင်ဖြစ်သူက ပြောပါတယ်။
အဲဒီနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ကနဦးအမှုဖွင့်ခံထားရာကနေ နိုဝင်ဘာလ ၅ ရက်နေ့က လူသတ်ဓားပြမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၉၆ နဲ့ပါ ထပ်မံစွဲဆိုခံထားရတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ သူဟာ ကလေးမြို့နယ် ရဲစခန်းအချုပ်ခန်းမှာ ခြောက်လနီးပါး ဖမ်းဆီးချုပ်နှောင်ခံထားရ တာဖြစ်ပြီး အစားအသောက်ပို့ခွင့်ရပေမယ့် လူချင်းတွေ့ခွင့်မရဘူးလို့လည်း မောင်ကျော်မင်းခန့်မောင်ရဲ့ ဖခင်က ပြောပါတယ်။
မောင်ကျော်မင်းခန့်မောင်ဟာ ကလေးမြို့ အ-ထ-က (၁) ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။
အခုရင်ဆိုင်နေရတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) ဟာ အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်ရှိပြီး လူသတ် ဓားပြမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၉၆ ကတော့ သေဒဏ်အထိချမှတ်နိုင်တဲ့ ပုဒ်မတစ်ခု ဖြစ်ပါတယ်။