တနင်္သာရီတိုင်းက စစ်ကောင်စီ ဂိတ်စခန်းသုံးခု တိုက်ခိုက်ခံရ

သရက်ချောင်းမြို့နယ်နဲ့ ထားဝယ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီ ဂိတ်စခန်းသုံးခုကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။

ထားဝယ်ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် အချို့ကို တွေ့ရစဉ်။ Dawei PDF

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်နဲ့ ထားဝယ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီ ဂိတ်စခန်းသုံးခုကို ဒီနေ့ ဧပြီလ ၉ ရက်နေ့ မနက်ပိုင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သရက်ချောင်းမြို့နယ် စော်ဖျားရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဧပြီလ ၉ ရက်နေ့ မနက် ၅ နာရီဝန်းကျင်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ထားဝယ်မြို့က ဘုရားမဲစစ်ဆေးရေးဂိတ်နဲ့ ပကာရီရဲစခန်းတို့ကိုလည်း တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

" သရက်ချောင်းမှာ တစ်ခု၊ ထားဝယ် စစ်ဆေးရေးဂိတ်က တစ်ခုရှိတယ်။ နောက်ပြီးတော့ ပကာရီရဲစခန်း။ အသေးစိတ်တော့ ကျနော်တို့ မသိရသေးဘူးဗျ။ ဝင်တိုက်တာတော့ သိတယ်"

တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေကို မသိရှိရသေးပါဘူး။

စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ ဦးယဉ်ထွေးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဒေသတွင်း သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Southern Monitor က စုစည်းထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း အရပ်သား ၃၉၄ ဦးသေဆုံးပြီး ၁၄၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org