နိုင်ငံရေးအရ ဖြေရှင်းဖို့ စစ်ခေါင်းဆောင်ပြောဆိုလာ

မနေ့က ပြောတဲ့ မိန့်ခွန်းထဲမှာ လတ်တလော စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ AA နဲ့ KNDF တို့အကြောင်း အဓိကထားပြောခဲ့တာပါ။

၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် စစ်ကောင်စီအစည်းအဝေး တက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ Myanmar Military

လတ်တလောဖြစ်နေတဲ့ ပဋိပက္ခတွေကို နိုင်ငံရေးအရ ဖြေရှင်းဖို့လိုတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၄ ရက် မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း ပြောဆိုလိုက်ပါတယ်။

နှစ်ကုန်ပိုင်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ချတာတွေများလာပြီး၊ စစ်တပ်ပြိုကွဲတော့မယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ လေ့လာသူတွေက ပြောနေချိန်မှာပဲ စစ်ခေါင်းဆောင်ဘက်ကလည်း အခုလို ပြောဆိုသံထွက်လာတာပါ။

နိုင်ငံရေးအရဘယ်လိုဖြေရှင်းမလဲဆိုတာကို စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုတာမရှိပေမဲ့ စစ်တပ်အနေနဲ့ "ဒို့တာဝန်အရေးသုံးပါး" နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ လက်လွှတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မနေ့က ပြောတဲ့ မိန့်ခွန်းထဲမှာ လတ်တလော စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ ကရင်နီအမျိုးသ်းများကာကွယ်ရေးတပ် (KNDF) တို့အကြောင်းကို အဓိကထားပြောခဲ့တာပါ။

လက်နက်ကိုင်တပ်ဖွဲ့တွေကြောင့် ပြည်သူတွေပဲ မြေစာပင်ဖြစ်နေရပြီး တိုင်းပြည်စီးပွားရေးထိခိုက်နေရတယ်လို့ စစ်ခေါင်းဆောင်က စွပ်စွဲပြောခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ လုံးဝမရှိကြောင်း ဒီရက်ပိုင်းမှာလည်း ထပ်မံပြောဆိုထားပါတယ်။

မြန်မာ့အရေးလှုပ်ရှားနေတဲ့ နိုင်ငံတကာက အရပ်ဘက်အဖွဲ့ပေါင်း ၆ဝဝ ကျော်ကလည်း အာဆီယံကကြိုးပမ်းနေတဲ့ စစ်ကောင်စီနဲ့ အားလုံးပါတဲ့ ဆွေးနွေးပွဲအစီအစဉ်တွေကို ရပ်ဆိုင်းဖို့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ အာဆီယံကို စာပေးပို့တောင်းဆိုလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org