စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သားရှစ်ဦး သေဆုံး
ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်နဲ့ ကရင်ပြည်နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်း အပါအဝင် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တစ်ပတ်အတွင်း အရပ်သားရှစ်ဦး သေဆုံးသွားတယ်လို့ NUG ရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသက နိုဝင်ဘာ ၂၄ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-11-24 -
-
-
ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်နဲ့ ကရင်ပြည်နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်း အပါအဝင် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တစ်ပတ်အတွင်း အရပ်သားရှစ်ဦး သေဆုံးသွားတယ်လို့ အမျိုးသားညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသက နိုဝင်ဘာ ၂၄ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။
တောင်ပိုင်းတိုင်းစစ်ဒေသထဲက ပဲခူးတိုင်း၊ ဖြူးမြို့နယ် လိပ်ပေါရွာမှာ စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးသွားသူ တစ်ဦး အပါအဝင် တစ်ပတ်အတွင်း အရပ်သား ရှစ်ဦး သေဆုံးတာလို့ ဆိုပါတယ်။
သေဆုံးသူတွေရဲ့ အသေးစိတ် အချက်အလက်ကိုတော့ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။
ဒါ့အပြင် ပြည်သူတွေနေတဲ့ ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းဗုံး ကြဲချခဲ့တာကြောင့် လူ ၂၈ ဦး ဒဏ်ရာရပြီး အဖမ်းခံရတဲ့ အရပ်သား ၅၁ ဦး ရှိတယ်လို့ တောင်းပိုင်းစစ်ဒေသက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ နေ့စဥ်လုပ်နေပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းဗုံးနဲ့ ကြဲချတိုက်ခိုက်မှု အကြိမ်ရေ လေးဆယ်ကျော် ရှိခဲ့သလို ဗုံးအလုံးရေ တစ်ရာကျော်နဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်းအတွင်းမှာ ဒီဖြစ်စဥ်တွေကြောင့် အရပ်သားသေဆုံးမှုမရှိဘဲ ထုတ်ပြန်ချက်က မှားယွင်းနေတယ်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးက RFA ကို နိုဝင်ဘာ ၂၄ ရက် ဒီနေ့ တုံ့ပြန်ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း တောင်ပိုင်းတိုင်းစစ်ဒေသအတွင်းမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးခဲ့သူ အပါအဝင် ကိုးဦး ဒဏ်ရာရခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အရပ်သား ၈၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။