တပ်ကို လွှတ်တော်ကဖယ်ထုတ်ရင် ဆိုးကျိုးကြုံနိုင်ဟု တပ်အမတ် ပြော

တပ်မတော်သား ကိုယ်စားလှယ်တွေကို လွှတ်တော်သက်တမ်းအလိုက် တစ်ဖြည်းဖြည်းချင်း လျှော့ချသွားမယ်ဆိုရင်၊ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ထက်လင်းက မနေ့က လွှတ်တော်အတွင်း သတိပေးသွားပြီး၊ သူ့ရဲ့သတိပေးချက်ကို တပ်ပိုင် မြဝတီသတင်းစာ ရှေ့မျက်နှာဖုံးမှာ ဒီကနေ့ ထပ်မံဖော်ပြလိုက်ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ထက်လင်းကို ပြည်ထောင်စုလွှတ်တော်မှာ ၂ဝ၂၀ ခုနှစ် ဖေဖော်ဝါလ ၂၅ ရက်နေ့က တွေ့ရစဉ် Photo: Pyidaungsu Hluttaw

တပ်မတော်သား ကိုယ်စားလှယ်တွေကို လွှတ်တော်သက်တမ်းအလိုက် တစ်ဖြည်းဖြည်းချင်း လျှော့ချသွားမယ် ဆိုရင်၊ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ထက်လင်းက မနေ့က လွှတ်တော်အတွင်း သတိပေးသွားပြီး၊ သူ့ရဲ့သတိပေးချက်ကို တပ်ပိုင် မြဝတီသတင်းစာ ရှေ့မျက်နှာဖုံးမှာ ဒီကနေ့ ထပ်မံဖော်ပြလိုက်ပါတယ်။

ဒီပြောဆိုချက်တွေအပေါ် နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေရဲ့ မတူညီတဲ့ အမြင်သဘောထားတွေကို RFA သတင်းထောက် မသက်စုအောင်က စုစည်းတင်ပြထားပါတယ်။

မနေ့က လွှတ်တော်အတွင်း ပုဒ်မ-၁၄ နဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ တပ်မတော်သား ကိုယ်စားလှယ်ဖြစ်တဲ့ ဗိုလ်မှူး ထက်လင်းက “အခုလို ဒီမိုကရေစီ သက်တမ်းနုချိန်မှာ တိုင်းပြည်အနေနဲ့ ၁၉၆၂ နဲ့ ၁၉၈၈ တုန်းကလို နိုင်ငံတော်ပြိုကွဲလုနီးပါး အခြေအနေဆိုးတွေ၊ မကျရောက်အောင် ထိန်းသိမ်းဖို့လိုတယ်” လို့ အရင်ဆုံး ‌သတိပေးသွားပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေ လက်ရှိလွှတ်တော်ထဲမှာ ပါဝင်နေရတာဟာ နိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့ဖြစ်တယ်လို့လည်း ဗိုလ်မှူး ထက်လင်းက ပြောပါတယ်။

သူ့ရဲ့တင်ပြချက်နောက်ဆုံးမှာ ဗိုလ်မှူး ထက်လင်းက “အခုလို အခြေအနေမျိုးမှာ တပ်ကိုယ်စားလှယ်တွေကို လွှတ်တော်သက်တမ်းအလိုက် လျှော့ချသွားမယ်ဆိုရင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်” ဆိုပြီး တပ်မတော်က အာဏာသိမ်းနိုင်တဲ့ပုံစံမျိုး ရည်ညွှန်းပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံ နောက်ခံသမိုင်းအရ ၁၉၄၉၊ ၁၉၅၈၊ ၁၉၆၂ နဲ့ ၁၉၈၈ တို့လို နိုင်ငံတော်ပြိုကွဲလုနီးပါး အခြေအနေ ဆိုးများ မကျရောက်ဖို့၊ ဒီမိုကရေစီသက်တမ်း နုစဉ်ကာလတွင် ထိန်းသိမ်းဆောင်ရွက်နိုင်ရေးဟာ လွန်စွာအရေး ကြီးလှပါတယ်။ အခုလို အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး ဥပဒေပြုလွှတ်တော်များမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို အချိုးကျပါဝင် စေရန် ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်။ လက်ရှိကာလမှာ မိမိတို့နိုင်ငံအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နေချိန်ဖြစ်ပြီး ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ ဖက်ထရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို တည်ဆောက်ဖို့ ကြိုးစားနေသလို တဖက်မှာလည်း ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခြယ်လှယ်လိုတဲ့ ခေတ်သစ်ကိုလိုနီများနဲ့ လည်းကောင်းတို့ရဲ့ လက်ဝေခံပြည်တွင်း၊ ပြည်ပ ပုဆိန်ရိုးများကြောင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ပြန်လည်မဆုံးရှုံးရလေအောင် ဆောင်ရွက်နေရတဲ့ အခြေအနေဖြစ်ပါတယ်၊ ဒီလိုအခြေအနေမျိုးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို လျော့ချလိုက်မယ်ဆိုပါက မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄ ရဲ့ မူလပြဌာန်းချက်မှာ၊ ဥပဒေပြုလွှတ်တော်အသီးသီးမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်ဖို့ ပြဋ္ဌာန်းထားပါတယ်။

အန်အယ်လ်ဒီ ဦးဆောင်တင်သွင်းတဲ့ မူကြမ်းမှာတော့ လက်ရှိလွှတ်တော်ထဲမှာရှိနေတဲ့ တပ်မတော်သား ၂၅% ကို လွှတ်တော်သက်တမ်း သုံးကြိမ်အတွင်းမှာ ၅% အထိ တဖြည်းဖြည်းချင်း လျှော့ချသွားဖို့ ပြင်ဆင်ထားပါတယ်။

ဒီအတွက် ဗိုလ်မှူး ထက်လင်းက ၁၉၆၂ နဲ့ ၁၉၈၈ လို နိုင်ငံပြိုကွဲမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးဆွေးနွေးသွားတာပါ။

အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့်ကတော့ အန်အယ်လ်ဒီဟာ လူထုကို လမ်းပေါ်ဆွဲတင်တဲ့ နိုင်ငံရေးရည်မှန်းချက်မျိုးကို ဘယ်တော့မှ မလုပ်ဘူးလို့ တုံ့ပြန်ပါတယ်။

“လူထုကို လမ်းပေါ်ဆွဲတင်ပြီးတော့ လူထုပါဝင်ဆန္ဒပြခြင်း အားဖြင့် ကျတော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဘယ်တော့မှ  ရောက်အောင်ယူမှာ မဟုတ်ပါဘူး။ ကျတော်တို့ ပါတီဝင်၊ အဖွဲ့ချုပ်  အဖွဲ့ဝင်များကလည်း နိုင်ငံရေးလှုပ်ရှားမှု ဆောင်ရွက်ချက်အရ၊ နိုင်ငံရေးအပြောင်းအလဲကို ကြိုးစားပါမယ်။ လူထုက ကျနော်တို့ ဖြစ်ပျက်နေတဲ့  နိုင်ငံရေး သဘာဝကို အမျိုးမျိုးသော စိတ်လွဲချော် သွားအောင် လုပ်ဆောင်နေတဲ့  လှုံ့ဆော်နေတဲ့ အချက်တွေကို၊ ယိမ်းယိုင်သွားခြင်း မရှိဘဲ၊ ခိုင်ခိုင်မြဲမြဲ  ထောက်ခံနေမယ်ဆိုရင် ပြီးတာပါပဲ။ ကျနော်တို့ကတော့ နိုင်ငံရေးအရ  ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံတွင်းမှာ မဖြစ်မနေလိုအပ်နေတဲ့ ဒီမိုကရေစီ ပီပီသသ ဖြစ်ရေးကို အကောင်းဆုံး ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”

လက်ရှိ အင်အားကြီး အတိုက်အခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်အစု အဖွဲ့ခေါင်းဆောင် ဦးသောင်းအေး ကတော့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ထက်လင်းရဲ့ တက်ပြချက်ကို ထောက်ခံထားပြီး၊ နိုင်ငံမှာ လက်နက်ကိုင်သောင်းကျန်းမှုတွေ ရှိနေသမျ တပ်မတော်ဟာ လွှတ်တော်ထဲမှာ ရှိကို ရှိနေရမယ်လို့ မှတ်ချက်ပေး ပြောဆိုပါတယ်။

“နိုင်ငံထဲမှာ လက်နက်ကိုင်သောင်းကျန်းမှုတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေရှိနေသမျှ ဒီတပ်မတော်က ရှိနေ ရမှာပဲ။ ပါဝင်နေရမှာပဲ။ အဲဒီဟာတွေ ဒီနေ့ အေးချမ်းသွားရင် ဒီနေ့ တပ်မတော်ဟာ ဒီလွှတ်တော်ထဲကနေ နုတ်ပယ်သွားရမှာပဲ။ အဲတော့ အဲဒါမဟုတ်သရွေ့ကတော့ ခုနဒါကို အချိန်ကာလနဲ့ သတ်မှတ်ပြီးတော့ နောက်ငါးနှစ်မှာ ဘယ်လိုလုပ်မယ်။ နောက်ငါးနှစ်မှာ ဘယ်လိုလုပ်မယ်ဆိုတဲ့ တွက်ဆမှုများကတော့ ဘယ်လို အတွေးအခေါ်နဲ့ ဘယ်လိုမျှော်မှန်းပြီးတော့ သုံးသပ်ပြီးတော့ လုပ်ထားတယ်ဆိုတာတော့ ပြန်လည်မေးမြန်း ရမယ့် မေးခွန်းပဲဖြစ်ပါတယ်”

SNLD-ကျားခေါင်းပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးစိုင်းထွန်းအေးကတော့ တပ်မတော်ဟာ တပ်မတော်နဲ့ဆိုင်တဲ့အလုပ်ပဲ လုပ်ရမယ်လို့ ဆိုပါတယ်။ တပ်မတော်ဘက်က ပုဒ်မ ၁၄ ကို ကန့်ကွက်တာဟာ စိုးရိမ်စိတ်ကြောင့်ဖြစ်နိုင်တယ်လို့ အမြင်သဘောထားပေးပါတယ်။

“တပ်မတော်ဘက်က  သူတို့ရဲ့ ဒီပုဒ်မကို ကန့်ကွက်တယ် ဆိုတာကလည်း သူတို့စိုးရိမ်တဲ့  သဘောရှိတယ်။ ကျနော်တို့ အမြင်မှာတော့ တပ်မတော်သားသည် တပ်မတော်နဲ့ဆိုင်တဲ့ အလုပ်ပဲလုပ်ရမယ်။ နိုင်ငံရေးသမားသည် နိုင်ငံရေးနဲ့ဆိုင်တဲ့  အလုပ်ပဲလုပ်ရမယ်။ စပါးစိုက်တဲ့ သူကလည်း စပါးစိုက်ဖို့ သူ့အလုပ်သူ တာဝန်ကျေမယ်၊ အလုပ်သမားတစ်ယောက် ကလည်း သူ့အလုပ်သူ တာဝန်ကျေပွန်၊ ကျေမယ်ဆိုရင်  ဒီတိုင်းပြည်မှာ ဘာမှပြဿနာ မရှိနိုင်ဘူး။ နောက် ဒီနိုင်ငံတစ်ခုမှာ  တပ်မတော်က အစဉ်တစိုက် ဦးဆောင်နေတယ်ဆိုတာ ကလည်း သဘာဝ မကျဘူး။  တခြားနိုင်ငံတွေမှာလည်း ဒီလိုမျိုးမရှိဘူး။ ဒီလိုရှိတဲ့ နိုင်ငံတွေလည်း  အာဏာရှင်ဆန်တဲ့နိုင်ငံတွေ၊ အဲတိုင်းပြည်တွေကလည်း တိုးတက်တဲ့  တိုင်းပြည်တွေပဲ မဟုတ်ဘူး၊ ခေတ်နောက်ကျနေတဲ့ တိုင်းပြည်တွေပဲဖြစ်တယ်”

ရခိုင်ပြည်နယ်ကိုယ်စားပြု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်ထုမေကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ တပ်မတော်နဲ့ပတ်သက်တဲ့ ပုဒ်မတစ်စုံတစ်ရာကို ဆွေးနွေးပြီဆိုရင် ပြင်းပြင်းထန်ထန် တုံ့ပြန်လေ့ရှိတယ်လို့ ‌ဝေဖန်ပါတယ်။

“ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ  တပ်မတော်နဲ့သက်ဆိုင်တဲ့ ပုဒ်မ တစ်စုံတစ်ရာကို ဆွေးနွေးကြပြီဆိုရင်  ဒီအတိုင်းပဲ ပြင်းပြင်း ထန်ထန် တုံ့ပြန်မယ်ဆိုတာကို ကျမတို့ ထင်မြင်ပြီးသား၊  ဒါတွေကို မျှော်လင့်ပြီးသားဖြစ်ပါတယ်။ ဒီအပေါ်မှာ ပြန်ပြီးတော့  ရာဇသံ ပေးတယ် ပြန်ပြီးတော့ အာဏာသိမ်းမယ်လို့ အဲလိုသဘောထား ကျမတို့က မမြင်ပါဘူး၊ ပြန်သိမ်းမယ်ဆိုရင် ပြောစရာမှမလိုတာ ပြောတယ်ဆိုကတည်းကသူတို့  ခံစားရတာတွေကို ဒီမှာ ဖော်ထုတ်တာပေါ့နော်၊ ဒါ ဒီမိုကရေစီရဲ့ တန်ဖိုးတွေကို လက်တွေ့ အသုံးချနေတာ၊ ဒါကြောင့်မို့ ဒီလို လွှတ်တော်မှာ အပြင်းအထန်  ဆွေးနွေးကြတာ ဖြစ်ရိုးဖြစ်စဉ်ပါ၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တွေ  အင်တိုက်အားတိုက်ဆွေးနွေးတာလို့မြင်တယ်၊ ခြိမ်းခြောက်တယ် မမြင်ပါဘူး”

ဗိုလ်မှူး ထက်လင်းရဲ့ သတိပေးချက်နဲ့ပတ်သက်ပြီး အမြင်သဘောထားပေးဖို့ ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတ ရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးပြီး၊ လက်ရှိလွှတ်တော်ထဲမှာ တစ်သီးပုဂ္ဂလ အမတ်တစ်ဦးဖြစ်တဲ့ ဦးစိုးသိန်းကို‌ အာအက်ဖ်အေက မေးမြန်းရာမှာတော့၊ တပ်မတော်က အာဏာမသိမ်းချင်လို့ လွှတ်တော်ထဲမှာ ငြင်းခုန်ခိုင်းနေတာလို့ ဆိုပါတယ်။

“မသိမ်းချင်လို့ကို  မသိမ်းအောင် နေနေတာ။ သိမ်းမယ်ဆို ကြာလှပြီ သိမ်းနေတာ။ သိမ်းမယ်ဆို  နှစ်နှစ် တောင်မကြာဘဲ သိမ်းလို့ရတယ်။ မသိမ်းချင်လို့ ထိုင်ကြည့်နေတာ။  ဒီဖွဲ့စည်းပုံက အာဏာမသိမ်းအောင် လုပ်ထားတဲ့ ဖွဲ့စည်းပုံ။  ဒီဖွဲ့စည်းပုံ စွဲကတည်းက အာဏာမသိမ်းအောင် လုပ်ထားတဲ့ ကွန်စတီကျူးရှင်း။  မသိမ်းကြနဲ့ ဒီထဲမှာပဲ ရန်ဖြစ်ကြ၊ ဒီထဲမှာပဲ ဆွေးနွေးကြလို့ ပြောတာ”

ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးဖို့ စုစုပေါင်း ခုနှစ်ရက် သတ်မှတ်ထားပြီး လွှတ်တော် အမတ် ၁၄၉ ဦး ငြင်းခုန်ဆွေးနွေးကြမှာပါ။ ဒီကနေ့ထိ နှစ်ရက်ကြာအတွင်း လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦး ဆွေးနွေးခဲ့ပြီး၊ ပထမနေ့ကတည်းက တစ်ဘက်နဲ့ တစ်ဘက် အော်ဟစ်ငြင်းခုန်တာတွေ လုပ်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org