နှစ်နိုင်ငံနယ်စပ်အရေး တရုတ်သံအမတ်နဲ့ စစ်ကောင်စီ ဆွေးနွေး

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီး တရုတ်သံအမတ်နဲ့ စစ်ကောင်စီတို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် စစ်ကောင်စီ ဒုဝန်ကြီးချုပ် ဦးသန်းဆွေတို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံစဉ်။ Chinese Embassy in Myanmar

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီး တရုတ်သံအမတ်နဲ့ စစ်ကောင်စီတို့ ဇန်နဝါရီလ ၂၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အဲဒီနေ့မှာပဲ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ဟာ စစ်ကောင်စီရဲ့ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်‌ရေးရာဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကောင်စီဥက္ကဋ္ဌရုံး (၂) ရဲ့ ဝန်ကြီး ဦးအောင်နိုင်ဦးတို့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေကို အပစ်ရပ်ဖို့ တရုတ်စေ့စပ်ပေးခဲ့တဲ့ ဟိုင်ဂင်သဘောတူညီမှုကို စစ်ကောင်စီက ချိုးဖောက်နေတယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဇန်နဝါရီလ ၂၄ ရက်နေ့မှာ စွပ်စွဲပြီးနောက် တရုတ်သံအမတ်နဲ့ စစ်ကောင်စီတို့ ဆွေးနွေးမှုတွေ တွေ့လာရတာပါ။

နယ်စပ်ဒေသ တည်ငြိမ်ပေးချမ်းရေးအပြင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး၊ တရုတ်-မြန်မာ စီမံကိန်းတွေ တွန်းအားပေးဖော်ဆောင်‌ရေး ဆွေးနွေးခဲ့တယ်လို့ တရုတ်သံရုံးက ရေးသားထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အွန်လိုင်းလိမ်လည်မှုတွေ တိုက်ဖျက်ရေး ဆွေးနွေးတယ်ဆိုတာကို ထည့်သွင်းဖော်ပြတာ မရှိပါဘူး။

တရုတ်နိုင်ငံဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အပစ်ရပ်ဖို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကြားဝင်စေ့စပ်ပေးခဲ့ပြီး ဟိုင်ဂင်သဘောတူညီမှုကို သတ်မှတ်ပေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org