စစ်ကောင်စီနဲ့ နိုင်ငံရေးပါတီတချို့ တွေ့ဆုံ၊ အချိုးကျ PR စနစ် ကျင့်သုံးရေး ဆွေးနွေး

အာဏာသိမ်း စစ်ကောင်စီရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဟာ နိုင်ငံရေးပါတီတချို့ကို ဖိတ်ကြားပြီး မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ကို တွေ့ရစဉ် Photo: NRPC

အာဏာသိမ်း စစ်ကောင်စီရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဟာ နိုင်ငံရေးပါတီတချို့ကို ဖိတ်ကြားပြီး မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နိုင်ငံရေးပါတီ ၂၀ ဝန်းကျင်ကို ဖိတ်ကြားခဲ့ပြီး အဲဒီထဲက ၁၈ ပါတီရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ် လို့ ဖိတ်ကြားခံရတဲ့ နိုင်ငံရေးပါတီ တစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးက RFA ကိုပြောပါတယ်။

အစည်းအဝေးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ကတော့ စစ်ကောင်စီက ပြန်လည်ကျင်းပပေးမယ့် ရွေးကောက်ပွဲမှာ အချိုးကျစနစ်ကို ကျင့်သုံးဖို့ ဆွေးနွေးခဲ့တယ်လို့ ပါတီပြောခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

"အဓိကကတော့ နှစ်ချက်ပေါ့။ တစ်အချက်က ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ NCA လမ်းကြောင်းအတိုင်း သွားမယ်ပေါ့။ အဲဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြတယ်။ နောက်ပြီးတော့အခါကျတော့ PR စနစ်ပေါ့လေ။ PR စနစ်နဲ့ပတ်သက်ပြီးတော့မှ ဗိုလ်ချုပ်ကြီး ဝင်းရှိန်က နိုင်ငံရေးပါတီတွေကို ဆွေးနွေးတာပေါ့လေ။ လက်ရှိအစိုးရနဲ့ ပူးပေါင်းပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ လုပ်ရမှာပဲလေ။ ဘယ်အစိုးရပဲတက်လာတက်လာ ကိုယ်တို့ နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ အရေးကြီးတယ်။ ဒါကို တစ်စိုက်မတ်မတ်နဲ့ ဆက်လက်လုပ်ကိုင်သွားဖို့ လိုတာပေါ့"

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးရာမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ဆက်သွားမယ်လို့ (NSPNC) က ပြောဆိုခဲ့တယ်လို့ ဒေါက်တာ နန္ဒာလှမြင့် က ပြောပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုဟာ အာဏာသိမ်းပြီး ကိုးလအကြာမှာ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ နိုင်ငံရေးပါတီတွေကြား ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှု ဖြစ်ပါတယ်။

အရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ နိုင်ငံရေးပါတီအားလုံးဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်မရခဲ့ဘဲ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီတွေပဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ မှာ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

"နိုင်ငံရေးပါတီတွေနဲ့ အတူတူ တွဲလုပ်မယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးကို အဓိကထားပြီး လုပ်မှာပေါ့ဗျာ"

ဒါကြောင့် ဒီနေ့ စစ်ကောင်စီနဲ့ အစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးပါတီတွေ အားလုံးပါဝင်ခွင့်ပေးရေးကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဒီမိုကရက်တစ် (မြန်မာ) ပါတီဥက္ကဋ္ဌ ဦးသုဝေက RFA ကို ပြောပါတယ်။

"ဆိုလိုတာကတော့ နိုင်ငံရေးပါတီတွေအားလုံးနဲ့ သူတို့သဘောထားတယ်။ နိုင်ငံရေးပါတီတွေနဲ့ အတူတူ တွဲလုပ်မယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးကို အဓိကထားပြီး လုပ်မှာပေါ့ဗျာ။ နောက်ပြီးတော့ ဟိုတုန်းက NCA မှာ လက်မှတ်ထိုးတဲ့သူရယ် လက်မှတ်မထိုးတဲ့သူရယ် အကုန်လုံးနဲ့ သူတို့လည်းပဲ ဆွေးနွေး နေတာတွေ ရှိတဲ့အကြောင်းပေါ့နော်။ သူတို့ ဆွေးနွေးပြီးတဲ့ဟာတွေကိုလည်း နိုင်ငံရေး ပါတီတွေနဲ့အတူ တွဲပြီးတော့ ဆုံးဖြတ်ကြမယ်ဆိုတဲ့ အကြောင်းတွေဘာတွေ ပြောပြတယ်။ ဆိုလိုတာကတော့ဗျာ ညှိနှိုင်းရေးတွေကို ကျနော်တို့ ကြိုးစားပြီးလုပ်ကြမယ်။ အတူတကွ လုပ်ကြမယ်"

ဒါ့အပြင် နောင်လာမယ့် ရွေးကောက်ပွဲအတွက် အချိုးကျကိုယ်စားပြု PR စနစ်အကြောင်းလည်း ဆွေးနွေး ခဲ့ကြပေမယ့် PR စနစ်မှာ ပုံစံတွေအများကြီးရှိတာကြောင့် ဘယ်လိုပုံစံမျိုးကို အသုံးပြုကြမယ်ဆိုတာကိုတော့ နိုင်ငံရေးပါတီတွေနဲ့ ဆက်လက်ဆွေးနွေးဖို့ရှိနေတယ်လို့ ဦးသုဝေက ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ဖိတ်ကြားခံရတဲ့ နိုင်ငံရေးပါတီ ၂၀ ကျော်ထဲမှာ ပြည်ခိုင်ဖြိုးပါတီ (USDP)၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရခိုင့်ရှေ့ဆောင်ပါတီ (AFP) နဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့အပါအဝင် ၁၈ ပါတီက တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

NSPNC နဲ့ နိုင်ငံရေးပါတီတချို့ ၂၀၂၁၊ အောက်တိုဘာ ၉ ရက်နေ့က တွေ့ဆုံစဉ် (Photo: Lisu National Development Party)

ရခိုင်အမျိုးသားပါတီ (ANP) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ၊ ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ နဲ့ မွန်ညီညွတ်ရေးပါတီ (MUP) တို့ကတော့ တက်ရောက်ခဲ့တာမရှိဘူးလို့ ပါတီတွေရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီကတော့ ဆွေးနွေးပွဲ မတက်ရောက်ဖြစ်ကြောင်း RFA ကိုပြောဆိုပေမယ့် ဘာကြောင့်ဒီဆွေးနွေးပွဲကို မတက်တာလဲဆိုတာပိုတော့ ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ (NSPNC) ကနေ ဖိတ်ခေါ်တဲ့ အကြောင်းကြားစာ ရခဲ့ပေမယ့် ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအနေနဲ့ တက်ရောက်ဖို့ ဆုံးဖြတ်ချက် မချလိုက်နိုင်တာကြောင့် မတက်ရောက်ဖြစ်ခဲ့ဘူးလို့ ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က RFA ကို ပြောပါတယ်။

"နေရာဒေသကွဲပြားတဲ့နေရာက လူတွေကို ဆက်သွယ်ရတာ ခက်တယ်။ နောက်တစ်ခုက ဆုံးဖြတ်ချက် တစ်ခုဆိုတာ မျက်နှာစုံညီပြီး ဆုံးဖြတ်ရတာ ကောင်းတယ်။ အဲဒါကြောင့် ကျွန်တော်တို့မှာ CEC ရဲ့ ဆုံးဖြတ်ချက်ယူဖို့ အခက်အခဲလည်း ဖြစ်သွားတယ်။ နောက်တစ်ခုက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ပါတီကိစ္စနဲ့ ခရီးလွန်နေကြတာ ရှိတယ်ဗျာ။ အဲဒါကြောင့် ဒီတစ်ခေါက်ကတော့ တွေ့ဆုံဖို့ ဖိတ်ခေါ် ထားတာကို ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့ တက်ရောက်နိုင်ခြင်းမရှိဘူးလို့ ပြောချင်ပါတယ်"

ဒီဆွေးနွေးပွဲကို ဦးဆောင်ကျင်းပတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဆိုတာဟာ ၂၀၂၀ ရွေးကောက်ပွဲ အပြီးမှာ ဖွဲ့စည်းထားတဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကနေ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြောင်းလဲဖွဲ့စည်းထားတဲ့ အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။

ဒီ NSPNC မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက်က ဖွဲ့စည်းထားတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ပါဝင်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။

လက်တလော အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ငါးလကြာ အပစ်အခတ် ရပ်စဲမယ်လို့ အာဏာသိမ်းစစ်တပ်ဘက်က ကြေညာထားပေမယ့် နိုင်ငံအနှံ့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို၊ စစ်ကောင်စီဘက်က စစ်သားအင်အား၊ လက်နက်အင်အား တိုးချနေတာတွေလည်း ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org