မြန်မာမှာ အကူအညီပေးရေးကိစ္စတွေအတွက် UNOCHA အကြီးအကဲ စစ်ကောင်စီနဲ့တွေ့

မြန်မာနိုင်ငံမှာ အကူအညီ လိုအပ်နေသူတွေထံ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ရေး (UNOCHA) အကြီးအကဲနဲ့ စစ်ကောင်စီ လူကယ်ပြန် ဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr. Sajjad Mohammad Sajid နှင့် စစ်ကောင်စီ လူကယ်ပြန်ဒုဝန်ကြီး ဦးစိုးကြည်တို့ နေပြည်တော်ရှိ လူကယ်ပြန်ဝန်ကြီးဌာနတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့က လက်ခံတွေ့ဆုံစဉ်။ Myanmar Military

မြန်မာနိုင်ငံမှာ အကူအညီ လိုအပ်နေသူတွေထံ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ရေး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲနဲ့ စစ်ကောင်စီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ သြဂုတ်လ ၁၉ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

UNOCHA အကြီးအကဲ Mr. Sajjad Mohammad Sajid ၊ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi တို့ကို စစ်ကောင်စီ လူကယ်ပြန်ဒုဝန်ကြီး ဦးစိုးကြည်က နေပြည်တော်မှာ တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။

အဲဒီတွေ့ဆုံမှုမှာ UNOCHA ရဲ့ နိုင်ငံခြားသားဝန်ထမ်းတွေ ပြည်ဝင်ခွင့်ရဖို့၊ အကူအညီ လိုအပ်နေသူတွေထံ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့နဲ့ စစ်ကောင်စီ လူကယ်ပြန်ဝန်ကြီးဌာနနဲ့ UNOCHA တို့ကြား သဘောတူညီမှုစာလွှာ အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပြင် အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အသင်းမှတ်ပုံတင်ခြင်း ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ တွေ့ဆုံဆွေးနွေးမှုရလဒ် အခြေအနေအသေးစိတ်ကိုတော့ စစ်ကောင်စီက မဖော်ပြပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ NUG အပါအဝင် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံး တွေ့ဆုံဖို့ တောင်းဆိုထားပါတယ်။

သြဂုတ်လ ၁၉ ရက် မနေ့ကကျရောက်တဲ့ ကမ္ဘာ့လူသားချင်းစာနာမှုနေ့မှာတော့ မြန်မာနိုင်ငံမှာ ကလေး ခြောက်သန်းအပါအဝင် လူ ၁၈ ဒသမ ၆ သန်းခန့် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောကြားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org