တပ်ကိုယ်စားလှယ် အော်ဟစ်မှုကို လွှတ်တော်နာယက သတိပေး
ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ကျင်းပတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးပွဲ ပထမနေ့မှာပဲ တပ်ဘက်ကတင်တဲ့မူကြမ်းမှာ စာတစ်ပိုဒ်ပြုတ်ကျနေတဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ပြင်းပြင်းထန်ထန် အော်ဟစ်ကန့်ကွက်ခဲ့ပါတယ်။
-
သီဟထွန်း၊ သက်စုအောင်
2020-02-25 -
-
-
ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ကျင်းပတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးပွဲ ပထမနေ့မှာပဲ တပ်ဘက်ကတင်တဲ့ မူကြမ်းမှာ စာတစ်ပိုဒ်ပြုတ်ကျနေတဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ပြင်းပြင်းထန်ထန် အော်ဟစ်ကန့်ကွက်ခဲ့ပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ်က ပုဒ်မ၂၆၂၊ ပုဒ်မခွဲ(ဋ) ကို ပြင်ဆင်ဖို့ အရင်က မူကြမ်းတင်သွင်းထားပြီး၊ အခုလွှတ်တော်ထဲမှာဆွေးနွေးတဲ့ သူ့ရဲ့မူကြမ်းမှာတော့ စာတစ်ပိုဒ် ပြုတ်ကျ ကျန်နေခဲ့ပါတယ်။ ဒါကြောင့် ပြန်လည်စိစစ်ပေးဖို့ ဗိုလ်မှူးချုပ် အောင်စန်းချစ်က လွှတ်တော်နာယက ဦးတီခွန်မြတ် ကို တောင်းဆိုခဲ့ပါတယ်။
လွှတ်တော်နာယက က ဒါနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ တာဝန်ရှိတဲ့ “ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ” အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကို မေးမြန်းရာမှာ၊ သူတို့ကော်မတီအနေနဲ့ ပြင်ဆင်ထုတ်ပယ်တာတွေ မလုပ်ခဲ့ကြောင်း အရင်ဆုံးရှင်းပြခဲ့ပါတယ်။
အဲဒီရှင်းပြချက်အပြီးမှာပဲ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်တင်ဆွေဝင်း က မိုက်ကရိုဖုန်းမပါဘဲ ရုတ်တရက် အော်ဟစ်ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်မှူးချုပ်အောင်စန်းချစ် ပြင်ဆင်ချက်နဲ့ တင်ပြထားတဲ့ ပုဒ်မ၂၆၂၊ ပုဒ်မခွဲ(ဋ)ကတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းကို သက်ဆိုင် ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အကြောင်းကြားပြီး သမ္မတထံ တင်ပြရမယ်လို့ဖြစ်ပါတယ်။ အဲဒီအချက်က မူကြမ်းထဲမှာ မပါဝင်ပဲကျန်ခဲ့တာဖြစ်ပါတယ်။
အခုလို အော်ဟစ်ကန့်ကွက်မှုအပေါ် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြမ်းတမ်းရုန့်ရင်းတဲ့ အမူအယာတွေကို မသုံးဖို့ သတိပေးတားမြစ်ခဲ့ပါတယ်။
"ဗိုလ်ချုပ်၊ ဗိုလ်ချုပ်။ ကြမ်းတမ်းရုတ်ရင်းတဲ့ အမူအယာတွေကို မသုံးပါနဲ့။ မေတ္တာရပ်ခံပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် တင်ပြထားတဲ့ဟာကို ပြန်ကြည့်ပြီးတော့ ဆောင်ရွက်ပေးပါမယ်။"
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စိတ်ဆန္ဒကို ဦးစားပေးဆောင်ရွက်မယ်ဆိုရင် မလိုလားအပ်တဲ့ကိစ္စတွေ၊ ချစ်ကြည်ရင်းနှီးမှုတွေ ထိခိုက်နိုင်လာနိုင်တာကြောင့် ကိုယ်နှုတ်အမူအရာကို ထိန်းသိမ်းဖို့လည်း နာယကက သတိပေးခဲ့ပါတယ်။
ဗိုလ်မှူးချုပ်အောင်စန်းချစ်ကတော့ အဲဒီပြင်ဆင်ချက် စကားရပ်ကျန်ခဲ့တာက သဘောရိုးနဲ့ ဟုတ် မဟုတ် သိလိုတယ်လို့ လွှတ်တော်ခဏနားချိန်မှာ သတင်းထောက်တွေကို ပြောပါတယ်။
"ဒါပေမဲ့လည်း ဒီနေ့ လွှတ်တော်ထဲမှာ ထည့်သွင်းဆွေးနွေးမယ့် ပုဒ်မတစ်ခုပေါ့။ ဒီ ၂၆၂ ( ဋ)မှာ ကျနော် တင်ပြ ထားတဲ့ အတိုင်းမဟုတ်ဘဲနဲ့ စာပိုဒ်ကြီး တစ်ပိုဒ်လုံး ပါမလာတော့ဘူး၊ ကျန်နေခဲ့ပါတယ်။ ဒါကလည်း အင်မတန် အရေးကြီးတဲ့စာပိုဒ်ဖြစ်နေပါတယ်။ အဲဒီတော့ ဒါက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ချန်ခဲ့တာလား။ ဒါမှမဟုတ်လို့ ရှိရင်လည်း မတော်တဆဖြစ်တယ်ဆိုရင်လည်းပဲ ဒီလိုအရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်နေတဲ့အခါမှာ ဒီလိုပေါ့ပေါ့ဆဆနဲ့ လုပ်ခဲ့တာလား။ ဒီဟာကို မရှင်းတဲ့အတွက် ဒီဟာကို ပြန်လည် စိစစ်ပေးပြီးမှ ဆက်လက်ဆွေးနွေးဖို့ဆိုပြီးတော့ တင်ပြခဲ့တာဖြစ်ပါတယ်။"
NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက တပ်မတော်သားကိုယ်စားလှယ်ရဲ့ ပြောဆိုချက်ဟာ လွှတ်တော်ရဲ့ဂုဏ်ဒြပ်ကို ထိခိုက်စေတဲ့အတွက် လွှတ်တော်နည်းဥပဒေအရ တားမြစ်ပေးဖို့ နာယကကို တင်ပြခဲ့ပါတယ်။
"တပ်မတော်သားကိုယ်စားလှယ်တစ်ဦးကနေပြီးတော့ ဆွေးနွေးတင်ပြပုံဟာ လွှတ်တော်ရဲ့ ဂုဏ်ဒြပ်ကို အများကြီး ထိခိုက်စေပါတယ်။ ဒါတွေဟာ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ သတိပြုဆင်ခြင်ရမယ့်အချက် ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ၁၉ (ဈ)မှာ ဆိုရင်လည်း ရုတ်ရင်း ကြမ်းတမ်းသော ကိုယ် အမူအရာ၊ နှုတ်အမူအရာများမပြုရဆိုပြီးတော့ နည်းဥပဒေအရလည်း တားမြစ်ထားပါတယ်"
လွတ်လပ်တဲ့ လွှတ်တော်လေ့လာစောင့်ကြည့်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ OMI အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်ကတော့ ဒီလိုအငြင်းပွားမူတွေ ဖြစ်ပေါ်နေတာဟာ လွှတ်တော်တွင်းမှာရှိနေတဲ့ ရင်းနှီးချစ်ခင်မှုတွေ ပျောက်ဆုံးသွားနိုင်တယ်လို့ ဝေဖန်ပါတယ်။
"အဲဒီတော့ ဖြစ်နိုင်ရင်တော့ အနှောင့်အသွားလွတ်တာမျိုးတွေပေါ့။ မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ တောင်းဆို မခံရနိုင်တဲ့ ဆွေးနွေးချက်မျိုးတွေကိုလည်း ဆွေးနွေးကြတာမျိုးလုပ်နိုင်ရင်တော့ နှစ်ဦးနှစ်ဖက် ပိုကောင်းတာ ပေါ့နော်။ အဲလိုမှ မဟုတ်ဘဲနဲ့ ဆွေးနွေးတဲ့သူကလည်း အဲဒီဟာမျိုးတွေပါမယ်။ အဲဒီဟာကိုပဲ တဖက်ကလည်း ဒီဟာတွေကိုလည်း မှတ်တမ်းက ပယ်ဖျက်ပေးပါဆိုပြီး တောင်းဆိုတာမျိုးတွေလုပ်နေမယ်။ ဒါတွေနဲ့ပဲ အချိန်ကုန်နေမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းက လွှတ်တော်ထဲမှာတင်ကို ပါတီနိုင်ငံရေးအစုအဖွဲ့တွေကြားထဲမှာ ပိုပြီးတော့ ရှိထားပြီးသားနားလည်မူတွေ၊ ချစ်ခင်ရင်းနှီးမှုလေးတွေတောင် ပျက်သွားနိုင်တဲ့အနေအထားမျိုး ဖြစ်သွားနိုင်တာပေါ့နော်။"
ဒီကနေ့ ဆွေးနွေးပွဲအတွင်း နိုင်ငံတော်သမ္မတအပေါ် ကန့်သန့်ချက်အဖြစ် နာမည်ကြီးတဲ့ ပုဒ်မ ၅၉ စ နဲ့ ပတ် သက်ပြီး ဆွေးနွေးတဲ့အခါ၊ NLD-ကိုယ်စားလှယ်တွေက ပြင်ဆင်ဖို့ ထောက်ခံဆွေးနွေးခဲ့ပေမဲ့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၊ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ က လွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင် တို့က မပြင်ဆင်သင့်ဘူးလို့ ကန့်ကွက်ခဲ့ပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အရေးအကြီးဆုံးပုဒ်မဖြစ်တဲ့ ပုဒ်မ ၄၃၆ (က)နဲ့ (ခ)ကို ပြင်ဆင်ဖို့၊ လွှတ်တော်အသီးသီးမှာရှိနေတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅% ကို၊ တဖြည်းဖြည်းချင်းလျော့ချသွားဖို့၊ တပ်မတော်အနေနဲ့ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာ ပြည်သူ့ဆန္ဒနဲ့ အညီပါဝင်ဖို့စတဲ့အချက်တွေကိုလည်း ငြင်းခုန်ဆွေးနွေးခဲ့ကြပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ခုနှစ်ခုကို ဆွေးနွေးဖို့ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၄၉ ဦး စာရင်းပေးထားပြီး၊ ဒီနေ့ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက စတင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။