စစ်ကောင်စီကို စက်ကိရိယာထောက်ပံ့တဲ့ကုမ္ပဏီကို စုံစမ်းစစ်ဆေးဖို့ ဒိန်းမတ်တောင်းဆို

ဂျာမနီနိုင်ငံ၊ အောက်စဘာ့မြို့က အစိုးရရှေ့နေတွေကလည်း ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး MAN Energy Solutions ကုမ္ပဏီကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် စစ်ကောင်စီရေတပ် ၇၂ နှစ်မြောက်အခမ်းအနားတွင် တွေ့ရသည့် စစ်ရေယာဉ်မုတ္တမ။ Myanmar Military

မြန်မာစစ်ကောင်စီ စစ်သင်္ဘောအတွက် စက်ကိရိယာနဲ့ နည်းပညာတွေ ရောင်းချပေးခဲ့တဲ့ MAN Energy Solutions ကုမ္ပဏီကို စုံစမ်းစစ်ဆေးဖို့ ဒိန်းမတ်ပါလီမန် နိုင်ငံခြားရေးရာကော်မတီက တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အဖွဲ့ဖြစ်တဲ့ Justice for Myanmar အဖွဲ့က MAN energy Solutions ကုမ္ပဏီနဲ့ မြန်မာစစ်သင်္ဘောကြားက ဆက်နွှယ်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ ပြီးခဲ့တဲ့ ဇူလိုင်လမှာ တောင်းဆိုခဲ့တာပါ။

ဂျာမနီနိုင်ငံ၊ အောက်စဘာ့မြို့က အစိုးရရှေ့နေတွေကလည်း ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး MAN Energy Solutions ကုမ္ပဏီကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

UMS Moattama လို့ နာမည်ပေးထားတဲ့ စစ်ရေယာဉ်မုတ္တမဟာ ကုန်းရေနှစ်ထွေ တိုက်ခိုက်ရေးသုံး ကမ်းတက် စစ်ရေယာဉ်ဖြစ်ပါတယ်။ ဒီစစ်သင်္ဘောကို စစ်သည်တွေ၊ တင့်ကားတွေ၊ သံချပ်ကာကားတွေနဲ့ တခြားစစ်လက် နက်ပစ္စည်းတွေ ရွှေ့ပြောင်းတဲ့နေရာမှာ အသုံးပြုတဲ့အပြင် ပြည်သူတွေကို ကမ်းရိုးတန်းတိုက်ခိုက်ဖို့ အသုံးပြုတဲ့ သင်္ဘောဖြစ်တယ်လို့လည်း Justice For Myanmar အဖွဲ့က ပြောပါတယ်။

ဒီစစ်သင်္ဘောအတွက် Volkswagen Group ရဲ့ လက်အောက်ခံ MAN Energy Solutions ကုမ္ပဏီက ပင်မအင်ဂျင် အပါအဝင် ပန်ကာသုံးပစ္စည်းတွေကို ထောက်ပံ့ပေးခဲ့ကြောင်း JFM အဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့တာပါ။

စစ်ရေယာဉ်မုတ္တမကို တောင်ကိုးရီးယားနိုင်ငံမှာ တည်ဆောက်ခဲ့ပြီး မြန်မာရေတပ်ပါဝင်ခဲ့တဲ့ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံးသတ်ဖြတ်မှုအပြီး ၂ဝ၁၉ ခုနှစ်မှာ မြန်မာစစ်ကောင်စီကို လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား အာဏာပိုင်တွေဘက်ကလည်း ဒီစစ်သင်္ဘော မြန်မာနိုင်ငံကို လွှဲပြောင်းပေးခဲ့မှုနဲ့ ပတ်သက်‌ပြီး စုံစမ်းစစ်ဆေးနေပြီလို့ ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ တောင်ကိုးရီးယားနဲ့ ဂျာမန်အာဏာပိုင်တွေက ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးနေတာကို ကြိုဆိုကြောင်းနဲ့ မြန်မာရေတပ်ကို အခုလို ထောက်ပံ့ပေးနေတာတွေနဲ့ ပတ်သက်ပြီး ဆက်လက် စစ်ဆေးဖို့၊ တောင်ကိုရီးယား၊ ဂျာမနီနဲ့ ဒိန်းမတ်တို့အနေနဲ့ ဥပဒေချိုးဖောက်မှုတွေကို သည်းခံမှာမဟုတ်ဘူးဆိုတာ ကို ပြသဖို့ Justice For Myanmar အဖွဲ့က တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org