ရန်ကုန်မှာ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခံရသူတွေနဲ့ တွေ့ဆုံခွင့်မရ
ဖမ်းဆီးခံရသူတွေအထဲမှာ MPA သတင်းဌာနက ရုပ်သံသတင်းထောက် မမှူးရတနာ ခက်မို့မို့ထွန်းနဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်း တို့ပါဝင်ပါတယ်။ သူတို့ဟာ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပေမဲ့ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ တွေ့ခွင့်မရသေးဘူးလို့ MPA သတင်းဌာန တည်ထောင်သူ ဂျေပိုင် က RFA ကို ပြောပါတယ်။
- 2021-12-06
-
-
-
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ စစ်အာဏာရှင်ကို လက်နက်မပါဘဲ ဆန္ဒပြနေကြတဲ့ လူငယ်တွေကြား ထဲကို အရှိန်နဲ့မောင်းလာတဲ့ Tata Xenon GS 800 အမျိုးအစား စစ်ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် လွင့်စင်သွားကြတဲ့ လူငယ်တွေ၊ ပစ်ခတ်သံတွေကြား ထွက်ပြေးကြရတဲ့ လူငယ်တွေနဲ့ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေရဲ့ ရုပ်သံဟာ အင်တာနက်လူမှုကွန်ရက်မှာ ပျံ့နှံ့သွားပါတယ်။
အဲဒီဖြစ်စဉ်မှာ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး သုံးဦး၊ စုစုပေါင်း လူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက အမျိုး သား နှစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း သုံးဦးကတော့ ကားတိုက်ခံရတဲ့ဒဏ်ရာတွေကြောင့် ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေအထဲမှာ MPA သတင်းဌာနက ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းနဲ့ ဓာတ်ပုံ သတင်းထောက် ကိုကောင်းဆက်လင်း တို့ပါဝင်ပါတယ်။ သူတို့ဟာ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ် လို့ သိရပေမဲ့ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ တွေ့ခွင့်မရသေးဘူးလို့ MPA သတင်းဌာန တည်ထောင်သူ ဂျေပိုင် က RFA ကို ပြောပါတယ်။
"လက်ရှိကတော့ ကိုကောင်းဆက်က စစ်ဆေးရုံမှာ ရောက်နေတယ်။ မှူးရတနာကလည်း စစ်ဆေးရုံမှာ ဆေးကုသမှု ခံနေတယ်။ ကိုကောင်းဆက်ကတော့ ခါးအောက်ပိုင်းထိထားတယ်။ ဒဏ်ရာတွေတော့ ရှိတာပေါ့။ ကားတိုက်တဲ့အချိန် ဒဏ်ရာတော့ရှိတယ်။ သူက ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ် အရမ်း ကြီး မစိုးရိမ်ရဘူး။ မမှူးရတနာကတော့ စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်လို့ ပြောပေမယ့် ကျွန်တော်တို့ လက်ရှိအနေအထားအရ မိသားစုဝင်ရော၊ ရှေ့နေ ရှေ့ရပ်တွေကရော မသိရသေးဘူး။ ကြိုးစားပြီး ကုနေတယ်။ အခုအချိန်အထိတော့ အသက်အန္တရာယ် သေဆုံးတာမျိုးတော့ မရှိသေးဘူး"
ဒီဇင်ဘာ ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ဆေးရုံကို မမှူးရတနာခက်မို့မို့ထွန်းရဲ့ မိသားစုဝင်တွေနဲ့ ရှေ့နေတို့ သွားတွေ့တဲ့အခါ လူချင်းတွေ့ခွင့်မရဘဲ ဆရာဝန်နဲ့ စကားပြောခဲ့ရပြီး ဦးခေါင်းချုပ်ထားရတဲ့ အခြေအနေနဲ့ သတိပြန်မရသေးတဲ့ အခြေအနေကိုသာ သိခဲ့ရတယ်လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ မမှူးရတနာခက် မို့မို့ထွန်းရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ အသက် ၃၃ နှစ်အရွယ် ကိုကောင်းဆက်လင်းက MPA သတင်းဌာနမှာ လုပ်ကိုင်နေတာ ၁၀ လရှိပြီး အသက် ၃၀ အရွယ် မမှူးရတနာခက်မို့မို့ထွန်းက လုပ်သက် ၂ လရှိတယ်လို့ ပြောပါတယ်။
ကားနဲ့တိုက်ဖြိုခွင်းခံရတဲ့ ဆန္ဒပြပွဲက ဖမ်းဆီးခံရသူထဲမှာ အသက် ၂၀ အရွယ် အင်းစိန် GTI ကျောင်းသူ မမြကြူကြူသင်းလည်း ပါဝင်ပါတယ်။ အခုချိန်အထိ သူနဲ့ပတ်သက်တဲ့ သတင်းအချက်လက် မရသေးဘူးလို့ အင်းစိန် GTI ကျောင်းသားများသမဂ္ဂရဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
"လက်ရှိအချိန်အထိတော့ အဆက်အသွယ် လုံးဝမရသေးပါဘူးဗျ။ မိသားစုက အဆက်အသွယ်ရ မရ သေချာမသိသေးပါဘူးခင်ဗျ။ မိသားစုကိုလည်း ဆက်သွယ်ဖို့ကို လုံခြုံရေးအရ စိုးရိမ်တာမျိုး ကြံတွေ့ နေရပါတယ်ဗျ။ မမြကြူကြူသင်းကတော့ ဖမ်းဆီးခံရချိန် ဒဏ်ရာ ရလား၊ မရလား မြေပြင်အခြေအနေကို တိတိကျကျ မသိပါဘူးခင်ဗျ။ ဒါပေမဲ့ သူနဲ့တူတူပါတဲ့ သူငယ်ချင်းကတော့ ဒဏ်ရာပြင်းထန်နိုင်ပါတယ်ဗျ။ အတော်လူမဆန်တဲ့ကိစ္စပေါ့။ လူ့အသိစိတ်ပျောက်နေတဲ့လုပ်ရပ်လို့ပဲ ပြောချင်ပါတယ်ဗျ။ ကျွန်တော်တို့ အနေနဲ့ လုံးဝပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်ခင်ဗျ"
မမြကြူကြူသင်းဟာ အင်းစိန်ကြက်ခြေနီ သူနာပြုတစ်ယောက်ဖြစ်ပြီး ကားနဲ့တိုက်ခံလိုက်ရတဲ့ သူငယ်ချင်း ဖြစ်သူ ကိုအာကာကျော်ကို ကူညီဖို့ကျန်ခဲ့ရင်း အဖမ်းခံလိုက်ရတာလို့လည်း ပြောကြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားနဲ့တိုက်ပြီး ဆန္ဒပြသပိတ်ဖြိုခွဲတာကြောင့် သေဆုံးသူ ငါးယောက်ရှိနိုင်တယ်လို့ မြင်တွေ့ခဲ့ရသူတွေက မနေ့ကပြောဆိုထားကြပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်ရဲ့ မနေ့ညနေက ထုတ်ပြန်ချက်ထဲမှာတော့ ကားနဲ့တိုက်တယ်ဆိုတဲ့အချက်နဲ့ သေဆုံး သူအရေအတွက် မပါဝင်ဘဲ လူ ၁၁ ဦးကို ဖမ်းဆီးရမိထားပြီး အမျိုးသား နှစ်ယောက်မှာ မစိုးရိမ်ရတဲ့ဒဏ်ရာ၊ အမျိုးသမီးတစ်ယောက်မှာ စိုးရိမ်ရတဲ့ဒဏ်ရာတွေ ရရှိထားတယ်လို့ ပါရှိပါတယ်။
ဖမ်းဆီးထားသူတွေကို ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူမယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကားနဲ့တိုက်ဖြိုခွဲဖို့ ညွှန်ကြားထားတာမရှိပေမဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အခြေအနေအရ ထိရောက်တဲ့ဟန့်တားမှုကို ဆောင်ရွက်တာသာဖြစ်ပြီး သေဆုံးသူမရှိဘူးလို့ ပြောပါတယ်။
"မသေပါဘူးဗျာ။ စပြီးဖြစ်ကတည်းက ဒဏ်ရရတယ်ဆိုပြီး ဆေးရုံကို ပို့လိုက်တယ်။ ပို့လိုက်တဲ့အထဲမှာ တစ်ယောက်က ပွန်းပဲ့ဒဏ်ရာပဲရတယ်။ သူ့ကို ဆေးထည့်တာလောက်နဲ့ ပြီးသွားတယ်။ အဓိကကတော့ ကျွန်တော်တို့အနေနဲ့က ညွှန်ကြားထားတာတော့ မရှိပါဘူး။ အဓိကက လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့က သူတို့ရဲ့ ကြုံတွေ့လာရတဲ့ အခြေအနေတွေ၊ သူတို့ရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေအရ ထိရောက်တဲ့ ဟန့် တားမှုမျိုးကို ဆောင်ရွက်ရခြင်းဖြစ်မယ်လို့ ထင်ပါတယ်"
မနက်ပိုင်း ဖြိုခွင်းခံရပြီးနောက် ထွက်ပြေးပုန်းခိုနေခဲ့တဲ့ ဆန္ဒပြသူတချို့က ကျန်ခဲ့တဲ့ ဖိနပ်၊ ထီး၊ သွေးစွန်းနေ တဲ့ အင်္ကျီ စတာတွေကို စုပုံပြီး ပန်းတွေချပေးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ စစ်ကောင်စီတပ်တွေက နောက် တစ်ခါ လာဖမ်းခဲ့ကြတာလို့လည်း မြင်တွေ့သူတွေက ပြောပါတယ်။
"သူတို့လေးတွေဆိုရင် တအားကြောက်နေမှာ"
လူငယ်တွေ အကြမ်းဖက်ဖြိုခွင်းခံရတာနဲ့ ပတ်သက်လို့ သက်သေလိုက်ပေးဖို့ အဆင်သင့်ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကြည့်မြင်တိုင်မြို့နယ်က မျက်မြင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"(ဒဏ်ရာရသူ) သုံးယောက်ထက်တော့များတယ်။ မိန်းကလေးတွေ နှစ်ယောက်ဆိုလည်း မြင်လိုက်တယ်။ သူတို့လေးတွေဆိုရင် တအားကြောက်နေမှာ အလယ်ခေါင်ကနေ ဖက်ထားပေးတယ်။ ဘာမှလည်း ကိုယ့် မှာ သွားမလုပ်ပေးနိုင်ဘူးပေါ့နော်။ အဲဒီမှာ အင်္ကျီအမဲနဲ့ ကလေးတစ်ယောက်က လဲနေတယ်။ အမဲရဲ့ ဒီဘက်မှာ အဖြူကောင်လေးတစ်ယောက်လေ သူကတော့ လဲနေတဲ့အချိန်တောင် ဘာမှလာမလုပ်ပေးဘူး။ ကလေးတွေဆို လှုပ်မှမလှုပ်တော့တာ အဲဒီအဖြူနဲ့ တစ်ယောက်ဆို လုံးလုံးပဲ။ ငြင်းထားတယ်ဆိုတော့ အစ်မတို့ဘက်က သက်သေလိုက်ပေးဆိုရင်တောင် လိုက်ဖို့အဆင်သင့်ပဲ။ မျက်မြင်သက်သေအနေနဲ့ရော ဒီဟာကြီးက လုံးလုံးငြင်းဆန်လို့မှမရတာ ဟုတ်တယ်မလား။ အကုန်လုံးအများကြီး မြင်နေရတာလေ။ အစ်မတို့ဆို ဘယ်လိုမှမခံစားနိုင်ဘူး မနေ့ကဆိုရင် တစ်နေကုန်လုံး။ ကိုယ့်ရှေ့မှာ ဒီလိုဖြစ်သွားရတာ ဆိုတော့"
ဒီလုပ်ရက်ဟာ စက်ဆုပ်ရွံရှာစရာကောင်းတဲ့ ရိုင်းစိုင်းတဲ့လုပ်ရပ်ကျူးလွန်တာဖြစ်ပြီး တရားမျှတမှု လုံးဝမရှိဘူးလို့ ရခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ့ရဲ့တွစ်တာ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ကုလသမဂ္ဂနဲ့ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမေရိကန်သံရုံးတို့ကလည်း စစ်တပ်က ဆန္ဒပြနေသူတွေ အပေါ် ဒီလိုအကြမ်းဖက်ဖြိုခွဲတာတွေအပေါ် ကန့်ကွက်ပြီး အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့၊ ဖမ်းဆီးထား သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချက်တွေ ထုတ်ပြန်ကြပါတယ်။
ဒီလိုအကြမ်းဖက်မှုတွေဟာ နိုင်ငံတကာရဲ့ ထိရောက်တဲ့အရေးယူမှု မရှိတာတွေကြောင့် စစ်ကောင်စီတပ် တွေက ဆက်ကျုးလွန်နေတာဖြစ်ပေမဲ့ ကြည့်မြင်တိုင်မြို့နယ်ဖြစ်စဉ်က သက်သေတစ်ခုဖြစ်လာမယ်လို့ လူ့အခွင့်အရေးကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက ပြောပါတယ်။
"အကြမ်းဖက်စစ်တပ်က ရက်ရက်စက်စက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတယ်။ ဒီလို မျိုး လူသတ်တာတွေလုပ်နေတယ်။ ဒါပေမဲ့ နိုင်ငံတကာရဲ့ ထိရောက်တဲ့အရေးယူမှုတွေ မလာသေးဘူးပေါ့။ ဒါပေမဲ့ အခုချိန်မှာ သူတို့ရဲ့လုပ်ရပ်ကို မှတ်တမ်းတင်ထားနိုင်တဲ့အခါကျတော့ သူတို့ ဒီလိုကျူးလွန်တယ် ဆိုတာ ပေါ်ပေါက်တယ်။ ကြည့်မြင်တိုင်လိုဖြစ်စဉ်မျိုးမှာ တစ်နိုင်ငံလုံးရော၊ တစ်ကမ္ဘာလုံးရော သိသွား တယ်ပေါ့နော်"
ကြည့်မြင်တိုင် အကြမ်းဖက်ခံရမှုအပေါ် ရှုတ်ချကန့်ကွက်တဲ့အနေနဲ့ တိတ်ဆိတ်နေခဲ့တဲ့ ရန်ကုန်မြို့က တချို့ မြို့နယ်တွေမှာ ည ၈ နာရီအချိန် သံပုံးတွေတီးတာတွေ၊ စစ်ကိုင်းတိုင်း ရွှေဘိုမြို့၊ မန္တလေးတိုင်း မန္တလေးမြို့၊ တနင်္သာရီတိုင်း လောင်းလုံမြို့ အပါအဝင် တချို့မြို့နယ်တွေမှာ သွေးစွန်းတဲ့ရန်ကုန်ကို အားပေးတယ်ဆိုပြီး ဆန္ဒပြကြပါတယ်။
ကြည့်မြင်တိုင်လုပ်ရပ်အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ စမ်းချောင်းရဲစခန်း၊ လှိုင်သာယာမြို့နယ် အမှတ် ၉ ရပ် ကွက်အုပ်ချုပ်ရေးရုံးအပါဝင် ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီတပ်ဆွဲထားတဲ့ နေရာလေးခုကို ဒီဇင်ဘာ ၅ ရက်က ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။