နေပြည်တော်လေတပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ
2024.04.11

နေပြည်တော်က အေလာတပ်စခန်းကို ဧပြီလ ၁၁ ရက် ဒီနေ့မနက်အစောပိုင်းမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ခုနစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်တန်းသူရဲကောင်းများ ကာကွယ်ရေးတပ်ဖွဲ့ (MKCDF)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီလေတပ်ဟာ မြန်မာနိုင်ငံတစ်ဝန်းကို လေကြောင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီရဲ့ အားထားရတဲ့ အဆင့်မြင့် လေတပ်စခန်းဖြစ်ပြီး ကယားနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကို အဓိကဗုံးကြဲနေတဲ့ တိုက်လေယာဉ်တွေထားတဲ့ လေတပ်ဖြစ်တာကြောင့် ပစ်မှတ်ထားတိုက်ခဲ့တာလို့ MKCDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ပစ်ခတ်တိုက်ခိုက်ဖို့ တစ်လလောက် အချိန်ယူပြီး ပြင်ဆင်ခဲ့တာပါ။ မနေ့ညကတည်းကပစ်ခတ်ဖို့ ပြင်ဆင်ထားခဲ့ပေမယ့်လည်း မိုးတွေက မတိတ်လို့ ဒီနေ့မနက်မှ တိုက်ခိုက်ခဲ့တာ။ ထုတ်ပြန်ချက်လည်း ထုတ်ပြန်ထားပါတယ်။ သေဆုံးထိခိုက်တဲ့သူတွေရှိပေမယ့် အသေးစိတ်ကို မသိရသေးပါဘူး”
ဒီတိုက်ခိုက်မှုကို MKCDF နဲ့ Brave Warriors for Myanmar (BWM) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သူကဆိုပါတယ်။
နေပြည်တော်က အေလာလေတပ်အနီး နေထိုင်သူ ဒေသခံတစ်ဦးကလည်း လေတပ်တိုက်ခိုက်ခံရတာ မှန်ကန်ကြောင်းနဲ့ ပေါက်ကွဲသံကျယ်တွေ ကြားရကြောင်း RFA ကို ပြောပါတယ်။
“လေဆိပ်တိုက်ခိုက်ခံလိုက်ရတာတော့ မှန်ပါတယ်။ ကျွန်တော်တောင် အပြင်သွားဖို့ဟာ ဒီသတင်းကြားတာနဲ့ မသွားတော့ဘူး။ စစ်မယ့်ဆေးမယ့်ဟာတွေ ကြောက်လို့”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ နေပြည်တော်ပြောခွင့်ရသူ နေပြည်တော်ကောင်စီ ညွှန်ကြားရေးမှူး ဦးသူအောင်ကို RFA ကနေ တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အေလာမြို့အနီးမှာ မပေါက်ကွဲသေးတဲ့ ရှော့တိုက်ဒုံး သုံးလုံးနဲ့ ပေါက်ကွဲပြီး ရှော့တိုက်ဒုံးအခွံ လေးလုံးတို့ကို လုံခြုံရေးတပ်ဖွဲ့တွေက ရှာဖွေတွေ့ရှိတယ်လို့ ရေးသားထားပါတယ်။
ဧပြီလ ၄ ရက်နေ့ကလည်း အေလာလေတပ်နေရာအပါအဝင် နေပြည်တော်က စစ်ရုံးချုပ် (ကက - ကြည်း) တို့ကို NUG လက်အောက်ခံ တပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။