တိုင်းရင်းသားတွေနဲ့ NUG ကို သွေးခွဲဖို့ စစ်ကောင်စီ ကြိုးစားနေတယ်လို့ ဒူဝါလရှီးလ သတိပေး
စစ်ကောင်စီဟာ တိုင်းရင်းသားခေါင်းဆောင်တချို့ကို လှည့်စားသိမ်းသွင်းဖို့ ကြိုးစားနေပြီး တိုင်းရင်းသားတွေနဲ့ NUG အကြား သပ်လျှိုသွေးထိုးတာတွေ လုပ်လာနိုင်တာကြောင့် သတိထားဖို့ သမ္မတ ဒူဝါလရှီးလ က သတိပေးပါတယ်။
-
RFA Burmese
2023-10-03 -
-
-
အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းရင်းသားခေါင်းဆောင်တချို့ကို လှည့်စားသိမ်းသွင်းဖို့ ကြိုးစားနေပြီး တိုင်းရင်းသားတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အကြား သပ်လျှိုသွေးထိုးတာတွေ လုပ်လာနိုင်တာကြောင့် သတိထားဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က သတိပေးလိုက်ပါတယ်။
အောက်တိုဘာလ ၃ ရက်နေ့က ကျင်းပတဲ့ NUG အစိုးရရဲ့ ၃၂ ကြိမ်မြောက်အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလို သတိပေးလိုက်တာပါ။
"တိုင်းရင်းသားအင်အားစု ခေါင်းဆောင်တချို့ကို လှည့်စားဖို့ သိမ်းသွင်းဖို့ ကြိုးစားနေသလို တိုင်းရင်းသားအင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကြားက ညီညွတ်မှုနဲ့ စုစည်းမှုတွေကို သပ်လျှိုသွေးထိုးတာတွေလည်း လုပ်ဆောင်မှာ အသေအချာပါပဲ။ ဒါကို ကျွန်တော်တို့ အထူးဂရုပြုဖို့ လိုပါတယ်”
ဒီလို သပ်လျှိုသွေးခွဲမှုတွေဟာ စစ်အုပ်စုရဲ့ အစဉ်အဆက်လုပ်လာတဲ့ နည်းလမ်းတွေဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေမှာ ရင့်ကျက်မှုနဲ့ ညီညွတ်မှု ရှိထားပြီးဖြစ်တဲ့အတွက် ဒီလုပ်ရပ်တွေ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ အခိုင်အမာယုံကြည်တယ်လို့လည်း သမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားခဲ့ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးကို စက်တင်ဘာ ၃၀ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
ဒီလိုတွေ့ဆုံတာဟာ KNU နဲ့ လုံးဝပတ်သက်မှုမရှိကြောင်း KNU ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောဆိုထားသလို ဒီလိုလုပ်တာဟာ အဖွဲ့အတွင်း ရှုပ်ထွေးမှုဖြစ်အောင် စစ်ကောင်စီက လုပ်တာလို့ KNU က အောက်တိုဘာ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် KNU နဲ့ မဟာမိတ်အင်အားစုတွေအကြား နားလည်မှုလွဲအောင် စစ်ကောင်စီက လုပ်ဆောင်တာလို့လည်း ဆိုပါတယ်။
KNU အနေနဲ့ ဘဝတူ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ရပ်တည်ကြောင်းနဲ့ အတူတိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မဲ့ NCA စာချုပ် ရှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ကို အဓိပ္ပာယ်ရှိရှိကျင်းပနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ဒီရက်ပိုင်းအတွင်း မကြာခဏ ထုတ်ဖော်ပြောဆိုနေပါတယ်။
စစ်ကောင်စီဟာ ပျက်ပြယ်ပြီးဖြစ်တဲ့ NCA စာချုပ် ရှစ်နှစ်ပြည့် အခမ်းအနားကို လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီး ဒါဟာ သူတို့အတွက် နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းတွေကို ဖြေလျော့ဖို့ ကြိုးစားနေတာလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဝေဖန်ထားပါတယ်။