သန်လျင်တံတားဖွင့်ပွဲကို တိုက်ခိုက်ဖို့ စီစဉ်ထားသူ ကိုးဦးကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ကိုးဦးထဲမှာ အမျိုးသား ရှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးပါဝင်ပါတယ်။

၂ဝ၂၄ ခုနှစ် ဇွန်လ ၉ ရက်နေ့က တွေ့မြင်ရသည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် ၃)မြင်ကွင်း။ Photo: Myanmar Military

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့တဲ့ သန်လျင်တံတား အမှတ် (၃) ဖွင့်ပွဲအခမ်းအနားကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားသူ ကိုးဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ဇွန်လ ၁၀ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းထဲမှာရှိတဲ့ လိုင်းခန်းအဟောင်းကနေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရန်ကုန် UG အဖွဲ့ဝင် ခုနစ်ဦးကို ၁ဝ၇ မမ ရှော့တိုက်ဒုံး နှစ်လုံး၊ လက်ပစ်ဗုံး နှစ်လုံး၊ ဘတ္ထရီအိုး နှစ်လုံး၊ ဖြူးစ် နှစ်ခု၊ ဝါယာကြိုးခွေ လေးခွေနဲ့ အခြားဆက်စပ်ပစ္စည်းတွေနဲ့ အတူ ဇွန်လ ၈ ရက်နေ့မနက်က ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေရဲ့ထွက်ဆိုချက်အရ ရှော့တိုက်ဒုံးပစ်ခတ်ရာမှာ ပူးပေါင်းပါဝင်သူ နှစ်ဦးကို ဇွန်လ ၉ ရက်နေ့မနက်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး တစ်လုံး၊ ဖြူးစ် တစ်ခုတို့နဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီကပြောပါတယ်။

ရှော့တိုက်ဒုံး ချိန်ရွယ်နည်းနဲ့ပစ်ခတ်နည်းကို Brigate Drone Force PDF အဖွဲ့ဝင်တစ်ဦးက အွန်လိုင်းကနေ သင်ကြားပေးခဲ့ကြောင်း ဖမ်းဆီးရမိသူတွေက ထွက်ဆိုထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ကိုးဦးထဲမှာ အမျိုးသား ရှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးပါဝင်ပါတယ်။ ဒါ့အပြင် ရှော့တိုက်ဒုံး ချိတ်ဆက်ပို့ဆောင်ခဲ့သူ အမျိုးသမီးတစ်ဦးနဲ့ ပစ်ခတ်နည်းသင်တန်းပေးခဲ့သူ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

စစ်ကောင်စီထုတ်ပြန်ပြေဆိုချက်နဲ့ပတ်သက်ပြီး NUG နဲ့ Brigate Drone Force တပ်ဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပေမဲ့ အဆက်အသွယ်မရရှိသေးပါဘူး။

ရန်ကုန်တိုင်း သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် ၃) ကို ဇွန်လ ၈ ရက်နေ့မနက်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org