ဆယ်ရက်အတွင်း ပုံနှိပ်တိုက်သုံးခုကို စစ်ကောင်စီက ပိတ်သိမ်း
တစ်ချိန်က အငြင်းပွားဖွယ်စာအုပ်ဖြစ်ခဲ့တဲ့ ရှင်ဥက္ကဌရဲ့ လူသေလူဖြစ်ဝါဒဆိုတဲ့ စာအုပ်ကို အခု ပြန်လည်ထုတ်ဝေခဲ့တဲ့ ပုံနှိပ်တိုက်နှစ်ခုကို ပိတ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီလ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
- 2022-04-09
-
-
-
တစ်ချိန်က အငြင်းပွားဖွယ်စာအုပ်ဖြစ်ခဲ့တဲ့ ရှင်ဥက္ကဌရဲ့ လူသေလူဖြစ်ဝါဒဆိုတဲ့ စာအုပ်ကို အခု ပြန်လည်ထုတ်ဝေခဲ့တဲ့ ပုံနှိပ်တိုက်နှစ်ခုကို ပိတ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီလ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ဒါဟာ ဧပြီလ ပထမ ဆယ်ရက်အတွင်းမှာ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကနေ စာပေ ပုံနှိပ်တိုက် သုံးခုကို ပိတ်လိုက်တာလည်း ဖြစ်ပါတယ်။
ဝင်းတိုးအောင် ပုံနှိပ်တိုက်နဲ့ ရန်အောင်စာပေတိုက်တို့ကို ဧပြီ ၇ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေခွင့် ပိတ်လိုက်တာဖြစ်ပြီး ဒီစာအုပ်က အရင်ခေတ်ကတည်းက ပိတ်ခံထားရတဲ့ စာအုပ်ဖြစ်တယ်လို့ ဒီစာအုပ်ကို ဖတ်ရှုခဲ့ဖူးသူတစ်ယောက်က ပြောပါတယ်။
"လူသေလူဖြစ်ဝါဒဆိုတာက ဒါဝင်ကို ကိုးကားထားတာ။ လူသေရင် လူမှတစ်ပါး ဖြစ်စရာအကြောင်းမရှိလို့ ရေးထားတာပါတယ်။ ရှင်ဥက္ကဌရဲ့ ဝါဒထဲမှာ ၃၁ ဘုံမရှိဘူး။ ဒါက ဘုရားဟောမဟုတ်တော့ အဓမ္မဝါဒပဲ။ ပိတ်တာကတော့ မှန်တယ်လို့ပဲ ပြောရမှာပဲ"
ရှင်ဥက္ကဌရဲ့ လူသေလူဖြစ်ဝါဒစာအုပ်ကို ၁၉၈၁ ခုနှစ်ကတည်းကစလို့ ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဌာနက အမိန့်ကြေညာစာထုတ်ပြန်ပြီး ပိတ်ပင်ထားတာဖြစ်တယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။
ဗုဒ္ဓစာပေဆိုင်ရာ ပိဋကတ်ကျမ်းစာတို့ကို ကျွမ်းကျင်တတ်မြောက်သူ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ် စတဲ့ ဘာသာတွေကိုလည်း ထဲထဲဝင်ဝင် လေ့လာထားနိုင်သူ ရှင်ဥက္ကဌဟာ လူသေလူဖြစ်စာအုပ်ကို ၁၉၅၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး အဲဒီနောက်မှာတော့ ဗုဒ္ဓဘာသာဝင် တွေအကြား အငြင်းပွားဖွယ် စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်က စာရေးသားသူ ရှင်ဥက္ကဌ အပါအဝင် ထုတ်ဝေသူ၊ ပုံနှိပ်သူတို့လည်း ဖမ်းဆီး ခံခဲ့ရပြီး လေးနှစ်ကြာ တရားရင်ဆိုင်ခဲ့ရပါတယ်။
ဒီမတိုင်ခင် ရက်ပိုင်းကလည်း စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ညစ်ညမ်းစာပေ ထုတ်ဝေလို့ဆိုပြီး ရွှေလာဘ်စာပေတိုက်ကို ပိတ်သိမ်းခဲ့ပါသေးတယ်။