ပြည်ပအလုပ်အကိုင်အေဂျင်စီ လေးရာကျော်ကို စိစစ်ဖို့ စစ်ကောင်စီပြင်ဆင်
ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကနေ နိုင်ငံအလိုက် စေလွှတ်ထားတဲ့ အလုပ်သမား ၅၇,၀၀၀ နီးပါးထံကနေ ပြည်တွင်းကို ငွေပြန်ပို့တာ ရှိ၊ မရှိ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်နေ့စပြီး စစ်ဆေးဖို့ ပြင်ဆင်နေပါတယ်။
-
RFA Burmese
2024-12-11 -
-
-
ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကနေ နိုင်ငံအလိုက် စေလွှတ်ထားတဲ့ အလုပ်သမား ၅၇,၀၀၀ နီးပါးထံကနေ ပြည်တွင်းကို ငွေပြန်ပို့တာ ရှိ၊ မရှိ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်နေ့စပြီး စစ်ဆေးဖို့ ပြင်ဆင်နေတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက RFA ကို ပြောပါတယ်။
၂၀၂၄ ခုနှစ် မေကနေ သြဂုတ်အထိ လေးလအတွင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ ၄၂၉ ခုကနေ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ လာအိုနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတချို့ကို အလုပ်သမား ၅၆,၈၆၀ ဦး စေလွှတ်ထားတာပါ။
အဲဒီအလုပ်သမားတွေထံကနေ ပြည်တွင်းမှာရှိနေတဲ့ မိသားစုတွေဆီ လစာရဲ့ ၂၅ ရာခိုင်နှုန်း ငွေလွှဲထားတဲ့ အထောက်အထားတွေ ရှိ၊ မရှိ တင်ပြပေးရမှာ ဖြစ်တယ်လို့ ဆင့်ခေါ်ခံထားရတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“စေလွှတ်ထားတဲ့ အလုပ်သမားတွေဆီက ငွေပို့တာ ရှိ၊ မရှိ အထောက်အထားတွေနဲ့ စစ်ဆေးခံဖို့ လာခဲ့ဖို့ ဒီလထဲမှာ ခေါ်ထားတယ်၊ ရန်ကုန်တိုင်းရုံးမှာပါ။ ပြန်မပို့ကြတဲ့ အလုပ်သမားတွေက များတော့ အိတ်စိုက်ရတာတွေတော့ ရှိတယ်။ ဒီအလုပ်ကို စိတ်ပျက်လို့ အလုပ်ကို ဖျက်ပစ်ချင်နေကြတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေလည်း ရှိလာပြီ”
စစ်ကောင်စီ အလုပ်သမား ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်နေ့ကနေ ၂၇ ရက်အထိ တစ်ရက်ကို အေဂျင်စီ ငါးဆယ်နှုန်းနဲ့ ခေါ်ယူစစ်ဆေးမယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလအတွင်းကတော့ မိသားစုထံ လွှဲပို့ငွေ လချုပ်စာရင်းမပို့တဲ့ အလုပ်အကိုင် အေဂျင်စီ ၁၁၈ ခုရှိပြီး အချိန်မီမပို့ရင် ဒဏ်ကြေးငွေ ဆောင်ရမှာဖြစ်သလို အလုပ်ကမ်းလှမ်းစာ (Demand Letter) အသစ်တင်ပြခွင့် ပိတ်မယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ပြောထားတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံပြင်ပကို တရားဝင် သွားရောက်အလုပ်လုပ်ကိုင်သူတွေအနေနဲ့ လုပ်ခလစာရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် သုံးလစာ စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေလွှဲစနစ်နဲ့လွှဲဖို့ စစ်ကောင်စီက တင်းကျပ်ထားပါတယ်။
အဲဒီအလုပ်သမားတွေ စစ်မှုထမ်းဖို့ လိုအပ်ခဲ့ရင်လည်း အေဂျင်စီတွေက တာဝန်ယူပြီး မဖြစ်မနေခေါ်ပေးရမဲ့ ပြင်ဆင်ချက်အသစ်ကို အလုပ်ရှင်၊ အလုပ်သမား၊ အေဂျင်စီ သုံးပွင့်ဆိုင် စာချုပ်အသစ်ထဲမှာ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာလထဲမှာ ထပ်မံဖြည့်စွက်ခဲ့ပါတယ်။