ခြေဥပြင်ဆင်ရေး ရည်ရွယ်ချက်ကို တပ်အမတ် မေးခွန်းထုတ်
တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ ဥပဒေကြမ်းတွေကို မဆွေးနွေးဘဲ ကြန့်ကြာအောင် အချိန်ဆွဲနေတာဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နည်းဗျူဟာတစ်ရပ်အဖြစ် အသုံးချနေတာ လားလို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ မေးခွန်းထုတ် လိုက်ပါတယ်။
-
သီဟထွန်း
2019-11-28 -
-
-
တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ်နဲ့ ကိုယ်စားလှယ်တွေ တင်ပြထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို လုပ်ပိုင်ခွင့်အာဏာ တိုးမြှင့်ပေးရေး ပုဒ်မ ၂၆၂ နဲ့ ၂၆၄ ကို ပြင်ဆင်၊ ဖြည့်စွက်ထားတဲ့ ဥပဒေမူကြမ်းအပေါ် လေ့လာစိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်ခင်ငြိမ်းချမ်းက တင်ပြထားတဲ့ မူကြမ်းတွေကို မဆွေးနွေးဘဲ အချိန်ဆွဲနေတာက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နည်းဗျူဟာတစ်ရပ်အဖြစ် အသုံးချနေတာလားလို့ မေးခွန်းထုတ်လိုက်တာပါ။
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင် NLD ပါတီက ဦးအောင်ကြည်ညွန့်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဦးတည်လုပ်တာ မဟုတ်ဘူး ဆိုတဲ့စကားကို ကိုးကားပြောဆိုပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီအနေနဲ့ ဥပဒေမူကြမ်းတစ်ခု အမြန်ရဖို့ ဆွေးနွေးနေပြီး ဒီဇင်ဘာ ဒါမှမဟုတ် ဇန်နဝါရီလလောက်မှာ လွှတ်တော်ကို တင်ပြနိုင်ဖို့ ကြိုးစားနေတယ်လို့ သူက ဆက်ပြောပါတယ်။
တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေက သူတို့ တင်သွင်းတဲ့ ဥပဒေမူကြမ်းတွေကို သီးခြား ဆွေးနွေးခွင့်မရဘဲ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ကော်မတီရဲ့ ဥပဒေမူကြမ်းပြီးမှသာ တပြိုင်ထဲ အတူတကွ လွှတ်တော်ကို တင်ပြမယ်လို့ ဆုံးဖြတ်ထားတဲ့အပေါ် ဆက်တိုက် ကန့်ကွက်ဆွေးနွေးကြတာပါ။
အဲဒီလို ကန့်ကွက်ဆွေးနွေးစဉ်မှာ ဝေဖန်ပုတ်ခတ်တာတွေပါလို့ ပြည်ထောင်စုလွှတ်တော် နာယက က သတိပေးရတဲ့အထိပါပဲ။
တပ်ကိုယ်စားလှယ်တွေ ပြောဆိုတဲ့ စကားရပ်တွေထဲမှာ လွှတ်တော် နာယကရဲ့ လုပ်ပိုင်ခွင့်စည်းကမ်းကို ပုတ်ခတ်စွပ်စွဲတာတွေ၊ ဥပဒေနဲ့မညီဘဲ လုပ်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ပါဝင်လာတဲ့အတွက် ဂုဏ်သိက္ခာနဲ့ အညီပြောကြဖို့ ပြည်ထောင်စု လွှတ်တော်နာယက သတိပေးခဲ့ရပါတယ်။
ပြည်ထောင်စု လွှတ်တော်နာယ ဦးတီခွန်မြတ်က လွတ်လပ်စွာပြောဆိုခွင့်ကို မှန်မှန်ကန်ကန် အသုံးပြုဖို့နဲ့ လွှတ်တော်ကိုယ်စားတွေရဲ့ ဂုဏ်သိက္ခာနဲ့အညီ ပြောဆိုဖို့ သတိပေးပါတယ်။
နာယကရဲ့ တာဝန်မကျေပွန်ရင် ရာထူးကနေ ရုပ်သိမ်းနိုင်တဲ့ ဥပဒေတွေရှိထားပြီးဖြစ်သလို တာဝန်ယူထားရတဲ့ အပိုင်းကိုလည်း သိရှိနားလည်ထားပါတယ်လို့ ဦးတီခွန်မြတ် က ပြောကြားပါတယ်။
နိုဝင်ဘာလ ၂၆ ရက်နေ့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်နဲ့ ကိုယ်စားလှယ်တွေ တင်ပြ တဲ့ ဥပဒေမူကြမ်းအပေါ် လေ့လာသုံးသပ်ရေးကော်မတီရဲ့ အစီရင်ခံစာကို ကန့်ကွက်ဆွေးနွေးစဉ် ပြောဆိုခဲ့တဲ့ " သွေးရိုးသားရိုးဟုတ်ရဲ့လား၊ မရောင်ရာ ဆီလူးနေရင်၊ အချိန်ဆွဲနေတာလား၊ ပြင်ဆင်ဖို့ စေတနာမရှိလို့ ဟန်ပြ လုပ်နေတာလား" စတဲ့ စကားရပ်တွေကို လွှတ်တော်မှတ်တမ်းကနေ နုတ်ပယ်ခဲ့ပါတယ်။ အဲဒီနေ့က ဗိုလ်မှူးချုပ် မောင်မောင်ရဲ့ ဆွေးနွေးချက်တွေအပေါ် လွှတ်တော်နာယက က ဒီနေ့ သတိပေးခဲ့တာပါ။
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်ကတော့ ဥပဒေနဲ့အညီ ဆွေးနွေးတာဖြစ်လို့ လုပ်စရာရှိတဲ့အတိုင်း ဆက်လုပ်သွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
လွှတ်တော်နာယက ဦးတီခွန်မြတ်က သတိပေးပြောဆိုတာတွေရှိပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေ ဘက်က ဆက်လက်ဆွေနွေးရာမှာ ပြင်းထန်တဲ့ အသုံးအနှုန်းတွေ ပါဝင်တဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး က မတ်တပ်ရပ် ကန့်ကွက်ရတဲ့အထိ ရှိခဲ့ပါတယ်။
အလားတူ NLD ပါတီက ကိုယ်စားလှယ်တစ်ဦးဆွေးနွေးစဉ် တပ်မတော် အစိုးရလက်ထက်က ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံကို " ညောင်နှစ်ပင် ညီလာခံ " ဆိုပြီး ပြောဆိုခဲ့တဲ့အတွက် တပ်မတော်သားတွေဘက်က ပြန်လည်ကန့်ကွက်ခဲ့ပါတယ်။
လွှတ်တော်နာယက က အဲဒီစကား အသုံးအနှုန်းတွေကို ပြန်စိစစ်ပြီး နုတ်ပယ်မယ်လို့ ပြောခဲ့ရပါတယ်။
တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တချို့က ဖွဲ့စည်းပုံမှာ ပါဝင်တဲ့ အချက်တွေအားလုံးကို ဆွေးနွေးမယ်ဆိုရင် အချိန်ကြာနိုင်လို့ သင့်တော်တဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပုဒ်မတွေကိုပဲ စတင်ပြင်ဆင်တာက အလုပ်ဖြစ်မယ်လို့ ယူဆပါတယ်။
ဥပမာအနေနဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတရဲ့ဆန္ဒနဲ့ မဟုတ်ဘဲ သက်ဆိုင်ရာ လွှတ်တော်က မဲအများစုနဲ့ ရွေးချယ်တာမျိုး၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာကို တိုးမြှင့်ပေးတာမျိုး စသဖြင့် ပြင်ဆင်လိုပါတယ်။
နိုင်ငံရေးလေ့လာသူတချို့ကတော့ ပြည်ထောင်စုလွှတ်တော်နဲ့ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေမှာ တပ်မတော် သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက နေရာယူထားပြီးဖြစ်လို့ အဲဒီပုဒ်မတွေကို ပြင်ဆင်ဖို့ လက်ရှိအာဏာရ ပါတီဘက်က စဉ်းစားမှာ မဟုတ်သေးဘူးလို့ သုံးသပ်ချက်တွေလည်းရှိပါတယ်။
ရခိုင်မဲဆန္ဒနယ် အမှတ် ၁ က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်က ဘယ်လမ်းကြောင်းက ပြင်ဆင်သည်ဖြစ်စေ တိုင်းရင်းသားအခွင့်အရေးတွေပါဝင်တဲ့ ပြင်ဆင်မူဖြစ်ရင် ကြိုဆိုတယ်လို့ ပြောပါတယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကတော့ ပြင်ဆင်လိုတဲ့ အချက်တစ်ခု ပုဒ်မတစ်ခု ထဲကိုသာ ပြင်ဆင်ပြီး အဲဒါနဲ့ ဆက်စပ်တဲ့ပုဒ်မတွေကို လိုက်ပြီး မပြင်ဆင်ရင် တကယ်တိုင်းရင်းသားအခွင့် အရေးတွေ ရမှာမဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
ဒီနေ့ တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးဆွေးနွေးတဲ့အထဲမှာ ပါတီတချို့က နိုင်ငံရဲ့ ပကတိအရှိတရားကို မသိဘဲ တပ်မတော်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ရေး၊ ပါတီခေါင်းဆောင် နှောင်ကြိုးပြေစေရေး၊ သမ္မတကဏ္ဍ ကိုသာ စဉ်းစားပြီး တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ် အခွင့်အရေးတွေကို မျက်ကွယ်ပြုထားတယ် စသဖြင့် ပြောဆိုမှုတွေလည်း ရှိပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ တင်ပြထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းပေါင်း ၅ ခုရှိတဲ့အပြင် NLD ပါတီ ကိုယ်စားလှယ်အများစု ဦးဆောင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ကော်မတီကလည်း ပြင်ဆင်ရေးမူကြမ်းတစ်ခု တင်ဖို့ ရှိနေတာဖြစ်ပါတယ်။