ပေါင်မြို့နယ် NLD ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အိမ် ချိတ်ပိတ်ခံရ
မွန်ပြည်နယ်၊ ပေါင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီ (NLD) ရဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးနေအိမ်ကို အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဒီဇင်ဘာလ ၂၂ ရက် မနေ့ နေ့လယ် ၂ နာရီခွဲခန့်မှာ ချိတ်ပိတ် သွားပါတယ်။
- 2021-12-23
-
-
-
မွန်ပြည်နယ်၊ ပေါင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီ (NLD) ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးနေအိမ်ကို အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဒီဇင်ဘာလ ၂၂ ရက် မနေ့ နေ့လယ် ၂ နာရီခွဲခန့်မှာ ချိတ်ပိတ်သွားပါတယ်။
"ကျနော်လည်း လူမှုကွန်ရက်မှာ တင်ထားမှသိတာ၊ ချိတ်ပိတ်သွားတာ သေချာပါတယ်" လို့ ဦးဇော်ဇော်ထူးက RFA ကို ပြောပါတယ်။
စစ်ကောင်စီဘက်က လာရောက်ချိတ်ပိတ်ပြီး ချိတ်ဆွဲသွားတဲ့ ဗွီနိုင်းပိုစတာမှာတော့ ဦးဇော်ဇော်ထူးဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတာကြောင့် နိုင်ငံတော်ပိုင်သိမ်းမယ်လို့ ရေးထားပါတယ်။
ဦးဇော်ဇော်ထူးဟာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိထားပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မ (၅၀၅) နဲ့ အမှုဖွင့်ခံရလို့ ထွက်ပြေးပုန်းရှောင်နေရပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီပူတာရပ်ကွက်မှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၂၅ ရက်အထိ စစ်ကောင်စီရဲ့ ချိတ်ပိတ်လိုက်ခံလိုက်ရတဲ့ NLD ပါတီဝင်တွေ၊ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝန်းရံသူ စုစုပေါင်း ၅၅ ဦးရှိပြီလို့ NLD Central Working Committee က နိုဝင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။