စစ်ကောင်စီနဲ့အတိုက်အခံ ဘယ်ဘက်ကမှ အနိုင်မတိုက်နိုင်သေးကြောင်း ကန်ထောက်လှမ်းရေးသုံးသပ်

တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ နှစ်ဖက်စေ့စပ်ညှိနှိုင်းလို့ရမယ့် အ‌ခြေအနေမရှိဘူးလို့လည်း အမေရိကန်အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (ODNI) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ် ရှေ့တန်းစစ်မျက်နှာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။ Reuters

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေအကြား တိုက်ပွဲတွေ ပိုပြင်းထန်လာပြီး၊ တစ်ဖက်ဖက်က စစ်ရေးအရ အပြတ်အသတ် အနိုင်ရမယ့်အခြေအနေ မရှိသေးဘူးလို့ အမေရိကန်အမျိုးသားထောက်လှမ်းရေးဌာနက သုံးသပ်လိုက်ပါတယ်။

အမေရိကန်အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (ODNI) က မတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အမေရိကန်အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုဆိုင်ရာ ထောက်လှမ်းရေးအကဲဖြတ်ချက် နှစ်ပတ်လည်အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဖော်ပြထားတာပါ။

တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ နှစ်ဖက်စေ့စပ်ညှိနှိုင်းလို့ရမယ့် အ‌ခြေအနေမရှိဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တစ်ဖက်ဖက်က စစ်ရေးအရ အနိုင်ရဖို့ ဒါမှမဟုတ် နှစ်ဖက်နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာနိုင်ဖို့အတွက်ဆိုရင် နှစ်ဖက်စလုံး၊ အထူးသဖြင့် စစ်ကောင်စီကို ဆန့်ကျင်တဲ့ အင်အားစုတွေက ပြင်ပအကူအညီ လိုအပ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး၊ ယိုယွင်းနေတဲ့ စီးပွားရေးအခြေအနေတွေကြောင့် လူသားချင်းစာနာမှု အကူအညီတွေနဲ့ လူ့အခွင့်အရေးအကျပ်အတည်း ပြဿနာတွေဟာ ပြည်တွင်းမှာတင်မက ဒေသတွင်းမှာပါ သက်ရောက်မှုတွေ ရှိလာမယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်အမျိုးသားထောက်လှမ်းရေးဌာနဟာ ဆိုက်ဘာနည်းပညာခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့လက်နက်‌၊ ရာဇဝတ်မှု၊ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတအရေး၊ စီးပွားရေး စတဲ့ အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တဲ့ ကမ္ဘာတစ်ဝန်းကကိစ္စတွေနဲ့ ပတ်သက်လို့ နှစ်စဉ်အကဲဖြတ်ချက်အစီရင်ခံစာ ပြုစုပြီး အမေရိကန်သမ္မကို အစီရင်ခံရတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာနဲ့ ပတ်သက်ပြီး အထက်လွှတ်တော်ထောက်လှမ်းရေးကော်မတီမှာ မတ်လ ၈ ရက်နေ့က ကြားနာပွဲ ပြုလုပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org