မိုဆိုရွာအနီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု သုံးနှစ်ပြည့်ချိန်အထိ တရားမျှတမှု မရသေး

ဖရူဆိုမြို့နယ် မိုဆိုရွာအနီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်ဟာ ဒီဇင်ဘာ ၂၄ ရက် ဒီနေ့မှာ သုံးနှစ်ပြည့်ပြီဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုအတွက် တရားမျှတမှုရရှိရေး စဥ်ဆက်မပြတ် ကြိုးပမ်းနေပါတယ်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာတွင် လူအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုအား ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က တွေ့ရစဥ်။ Citizen Photo

ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာအနီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်ဟာ ဒီဇင်ဘာ ၂၄ ရက် ဒီနေ့မှာ သုံးနှစ်ပြည့်ပြီဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုအတွက် တရားမျှတမှုရရှိရေး စဥ်ဆက်မပြတ် ကြိုးပမ်းနေတယ်လို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ပါတယ်။

ကျူးလွန်ခံရတဲ့ မိသားစုတွေနဲ့အတူ ဒီနေ့အထိ ဝမ်းနည်းကြေကွဲရတယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်ရပ်မှာ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း Save The Children ဝန်ထမ်းနှစ်ဦး အပါအဝင် ဒေသခံ ၄၅ ဦးနဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်လေးဦး စုစုပေါင်း ၄၉ ဦး သတ်ဖြတ်ခံရတာလို့ ဒေသခံတွေနဲ့ ကရင်နီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီရဲ့ တပ်မ (၆၆) လက်အောက်ခံ ဓနုဖြူတပ်ရင်း ခမရ-၁၀၈ တပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့တာလို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီက ဖော်ပြပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီသတ်ဖြတ်မှုကို မကျူးလွန်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကို ထောက်ခံအားပေးတဲ့ လုပ်ရပ်တွေကို ရှောင်ကျဥ်ပြီး အဲဒီရာဇဝတ်မှုတွေအတွက် တရားမျှတမှုနဲ့ ပြန်လည် ကုစာခွင့်ရရှိရေး လမ်းကြောင်းတွေကို ဖော်ဆောင်သွားဖို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီက တိုက်တွန်းထားပါတယ်။

အာဏာသိမ်းကာလ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်ဆီးသတ်ဖြတ်ခံရမှုတွေကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေရှိနေပြီး လူအသေအပျောက် အများဆုံးဖြစ်ရပ်ကတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၁ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဖျက်အားပြင်းဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် လူ ၁၇ဝ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org