မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှုမရှိခဲ့ကြောင်း အင်ဒိုနီးရှား ငြင်းဆို

အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတချို့က အာဏာသိမ်းမြန်မာစစ်တပ်ကို လက်နက်ရောင်းချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မမှန်ကန်ကြောင်း အင်ဒိုနီးရှားအစိုးရပိုင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းစုက အောက်တိုဘာ ၃ရက်နေ့မှာ ငြင်းဆိုလိုက်ပါတယ်။

၂၀၂၁ ခုနှစ် မတ်လက နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားမှာ စစ်ရေးပြ မြင်ကွင်းတစ်ခု။ Reuters

အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတချို့က အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မမှန်ကန်ကြောင်း အင်ဒိုနီးရှားအစိုးရပိုင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းစု DEFEND ID က အောက်တိုဘာ ၃ရက်နေ့မှာ ငြင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေ ဖြစ်တဲ့ Pindad၊ Dirgantara Indonesia (PTDI) နဲ့ PT PAL တို့ဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချနေတယ်လို့ မြန်မာ့အရေး လှုပ်ရှားသူအချို့က စွပ်စွဲခဲ့တဲ့နောက် ဒီ လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ သုံးခုလုံးကို ဦးစီးညွှန်ကြားတဲ့ DEFEND ID က ဒီစွပ်စွဲချက်တွေ မမှန်ကန်ကြောင်း ပြောလိုက်တာပါ။

DEFEND ID က သူတို့အနေနဲ့ မြန်မာနိုင်ငံကို လက်နက်မရောင်းဖို့ ပိတ်ပင်ထားတဲ့ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ် ၇၅/၂၈၇ ကို လေးစားလိုက်နာကြောင်း၊ Pindad ကုမ္ပဏီက မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ်မှာ နောက်ဆုံးအကြိမ် လက်နက် တင်ပို့ခဲ့ပြီး၊ ဒါဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား ကျင်းပတဲ့ ပြိုင်ပွဲတစ်ခုအတွက် တင်ပို့ပေးခဲ့တာလို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချခြင်းမပြုဖို့ ကုလသမဂ္ဂကနေ တောင်းဆိုခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု မရှိတော့ကြောင်းလည်း DEFEND ID က ဆိုပါတယ်။ အလားတူပဲ Dirgantara Indonesia (PTDI) နဲ့ PT PAL တို့ဟာလည်း မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု မရှိတဲ့အကြောင်း DEFEND ID က ပြောပါတယ်။

အောက်တိုဘာလ ၂ ရက်က အင်ဒိုနီးရှားအစိုးရပိုင် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီသုံးခုဟာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်နဲ့ စီးပွားရေး ဆက်ဆံမှုတွေ ဆက်လုပ်နေတဲ့ အထောက်အထားတွေ တွေ့ရတဲ့အကြောင်း၊ Justice for Myanmar အဖွဲ့ရဲ့ လေ့လာစုံစမ်းမှုတွေကို ထောက်ပြပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း မာဇူကီဒါရုစ်မန်၊ လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Myanmar Accountability Project (MAP) အဖွဲ့နဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တို့ ပူးပေါင်းပြီး အင်ဒိုနီးရှား လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org