လက်နက်ကြီးကျည်ကြောင့် ရိုဟင်ဂျာတွေ သေဆုံးဒဏ်ရာရမှု စစ်ကောင်စီနဲ့ အေအေ အပြန်အလှန်စွပ်စွဲ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စက်တင်ဘာလ ၁၆ ရက်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီးနောက် ရိုဟင်ဂျာတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တဲ့အပေါ် စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA) တို့ အပြန်အလှန် စွပ်စွဲပြစ်တင်ကြပါတယ်။
- 2022-09-18
-
-
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စက်တင်ဘာလ ၁၆ ရက်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီးနောက် ရိုဟင်ဂျာတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တဲ့အပေါ် စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA) တို့ အပြန်အလှန် စွပ်စွဲပြစ်တင်ကြပါတယ်။
စက်တင်ဘာ ၁၆ ရက် ညပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင်ခရိုင် ခေါင်းတုံးဒေသ အတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကျည်တွေဟာ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့တာလို့ AA က စက်တင်ဘာ ၁၇ ရက် မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က အရပ်ဘက်ပစ်မှတ်တွေအပေါ် လက်နက်ကြီးတွေနဲ့ မဆင်မခြင် ပစ်ခတ်နေတာကို ရှုတ်ချတယ်လို့ ဆိုထားပြီး သေဆုံးထိခိုက်ခဲ့တဲ့ အရပ်သားတွေအတွက် ဝမ်းနည်းရတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
စစ်ကောင်စီဘက်ကလည်း စတင်ဘာလ ၁၇ ရက် မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကျည် တွေဟာ သူတို့ရဲ့ကျည်တွေမဟုတ်ဘဲ AA နဲ့ ARSA အဖွဲ့တွေက ပစ်ခတ်ခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။
မြန်မာဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မှတ်တိုင် BP ၃၁ အနီးက တောင်ပြိုဝဲရဲကင်းစခန်း နဲ့ BP ၃၄ အနီးက တောင်ပြိုယာရဲ ကင်းစခန်းတွေကို AA နဲ့ ARSA ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လက်နက်ကြီးကျည် ခြောက်လုံးအထိ ကျရောက်ခဲ့တာလို့ စစ်ကောင်စီကဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကို အသိပေးထားသလို နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနအနေနဲ့လည်း အကြောင်းကြားစာပို့ထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အကြီးအကဲ Faizur Rahman ကတော့ နယ်စပ်ဒေသကို လုံခြုံအောင် ဆောင်ရွက်သွားမယ့်အပြင် မြန်မာဘက်ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမယ်လို့ ပြောဆိုထားပါတယ်။
ဒီလအစောပိုင်းကလည်း မြန်မာဘက်က လက်နက်ကြီးတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ကျရောက်ပေါက်ကွဲမှုနဲ့ လေကြောင်းပိုင်နက် ချိုးဖောက်မှုတွေအတွက် ဒါကာမှာရှိတဲ့ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက သုံးကြိမ်တိုင်တိုင် ဆင့်ခေါ်ပြောဆိုခဲ့ပါတယ်။