ဝါးခယ်မမြို့နယ် ရွှေလောင်းမြို့မှာ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး အသတ်ခံရ

ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့မှာ စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံရပါတယ်။

ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့အဝင်၊ စစ်ဆေးရေးဂိတ်နှင့် မြို့ဈေးအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ အတွင်းက တွေ့ရစဉ်။ Citizen Photo

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့မှာ ဇွန်လ ၁၄ ရက် ညက စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရသူဟာ ရွှေလောင်းမြို့၊ ချောင်းဝ အမှတ်(၁) ရပ်ကွက်မှာနေထိုင်သူ အသတ် ၃၀ ကျော်အရွယ် ကိုရဲရင့်အောင်ဖြစ်ပြီး နေအိမ်ခြံဝင်းအနီးမှာပဲ အမျိုးသားသုံးဦးက သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

ကိုရဲရင့်အောင်ဟာ ရွှေလောင်းမြို့က ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်သလို စစ်ကောင်စီ သတင်းပေးလုပ်နေတယ်ဆိုပြီး နာမည်ထွက်နေတဲ့အကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေလောင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဘောလုံးပွဲတွေ ဘာတွေဆိုသူက ဓားကိုင်လာတာ။ လုံခြုံရေး လုပ်တယ်ပေါ့။ ပြီးတော့ စစ်တပ်ကို သတင်းပေးလုပ်နေတာလည်းကြာပြီ။ အဲဒီညက အမျိုးသမီးနဲ့ ကလေးနဲ့ မုန့်ထွက်ဝယ်တာ။ မုန့်ဝယ်ပြီး ပြန်လာတဲ့အချိန် အိမ်ရှေ့မှာ ပစ်သတ်ခံရတာ”

သေဆုံးသူ ကိုရဲရင့်အောင်ဟာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ ဝါးခယ်မမြို့နယ် ဥက္ကဋ္ဌလို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီအခြေအနေဟာ မမှန်ကန်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်မှုထမ်း ဥပဒေထုတ်ပြီး လေးလအတွင်း စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၈၂ ဦး အသတ်ခံရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org