စစ်မှုထမ်းဥပဒေ ဖျက်သိမ်းဖို့နဲ့ အထွေထွေ အကျပ်အတည်းတွေဖြေရှင်းရေး ရန်ကုန်မှာ ဆန္ဒပြ

ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းပေးဖို့နဲ့ စစ်အာဏာသိမ်းမှုကြောင့် ပြည်သူတွေ အထွေထွေ အကျပ်အတည်း ကြုံလာရတာတွေကို ဖြေရှင်းပေးဖို့ဆိုပြီး ကျောင်းသားလူငယ်တွေက ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့တစ်နေရာတွင် ဆန္ဒပြနေကြသည့် လူငယ်အချို့အား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က တွေ့ရစဥ်။ Telegram/ Kyimyindaing Networks

ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းပေးဖို့နဲ့ စစ်အာဏာသိမ်းမှုကြောင့် ပြည်သူတွေ အထွေထွေ အကျပ်အတည်း ကြုံလာရတာတွေကို ဖြေရှင်းပေးဖို့ဆိုပြီး ကျောင်းသားလူငယ်တွေက ရန်ကုန်မြို့မှာ ဇွန်လ ၄ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

“မတရားစစ်မှုထမ်းဥပဒေကို လူထုအားနှင့် ဆန့်ကျင်ကြ”ဆိုတဲ့ စာသားကို ဆွဲကိုင်ပြီး စစ်မှုထမ်းဥပဒေဖျက်သိမ်းရေး၊ အထွေထွေ အကျပ်အတည်း ဖြေရှင်းရေးနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။

စစ်တပ် အာဏာသိမ်းပြီးတဲ့နေ့ကစလို့ ပြည်သူတွေ အထွေထွေ အကျပ်အတည်းမျိုးစုံနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ စစ်မှုထမ်းဥပဒေကိုပါ အသက်သွင်းလာတာကြောင့် ဖမ်းဆီးမှုတွေ ရှိနေတဲ့ကြားက ဆန္ဒပြလှုပ်ရှားမှုတွေ ပြုလုပ်ရတာလို့ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်မတို့တွေ ဖမ်းဆီးသတ်ဖြတ်ခံရမှာ ကြောက်နေရင် စစ်ကောင်စီက အကြိမ်ကြိမ် သတ်နေမှာပါ၊ ဒါကြောင့် ဖမ်းဆီးမှုတွေ များနေတဲ့ကြားထဲက ပြည်သူတွေရဲ့ အထွေထွေ အကျပ်အတည်းကို ဖြေရှင်းပေးရေး ဆန္ဒပြလှုပ်ရှားခဲ့ရတာပါ”

ဆန္ဒပြမှုကို ရန်ကုန်မြို့က ဈေးတစ်ခုမှာ ပြုလုပ်ခဲ့ပေမယ့် ဈေးသူဈေးသားတွေရဲ့ လုံခြုံရေးအတွက် နေရာအတိအကျကို ဆန္ဒပြလှုပ်ရှားသူတွေက ထုတ်ဖော်မပြောပါဘူး။

ဒီလှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ တာမွေသပိတ်ကော်မတီ၊ လူ့ဘောင်သစ်လူငယ်၊ Mayangone Democratic Front (MDF)၊ Kyimyindaing Networks (KMD18)၊ လင်းရောင်နီ (လူငယ်အဖွဲ့အစည်း)နဲ့ Owl Community စတဲ့အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေရှိနေပေမဲ့ လူငယ်တွေရဲ့ ပြောက်ကျားစနစ်နဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မကြာခဏဆိုသလို ဆက်ရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org