ဧရာဝတီတိုင်းမှာ ပြည်သူ့စစ်သင်တန်းတက်ဖို့ ဖိအားပေးခေါ်ယူနေ
ပုသိမ်နဲ့ မော်လမြိုင်ကျွန်း အပါအဝင် မြို့နယ်အချို့မှာ ပြည်သူ့စစ်သင်တန်းအတွက် တစ်ရွာကို သုံးဦးကနေ ခြောက်ဦးနှုန်း စာရင်းပေးနေရပါတယ်။
-
RFA Burmese
2023-10-16 -
-
-
ဧရာဝတီတိုင်းက ပုသိမ်နဲ့ မော်လမြိုင်ကျွန်း အပါအဝင် မြို့နယ်အချို့မှာ ပြည်သူ့စစ် သင်တန်းအတွက် တစ်ရွာကို သုံးဦးကနေ ခြောက်ဦးနှုန်း စာရင်းပေးနေရရပြီး မဖြစ်မနေသင်တန်းတက်ဖို့ ဖိအားပေးခံနေရတယ်လို့ ပုသိမ်မြို့ခံတွေနဲ့ ဧရာတီတိုင်းထဲမှာရှိတဲ့ မြို့နယ်အချို့မှာ နေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်မြို့နယ်ထဲက ရွာအချို့မှာလည်း ပြည်သူ့စစ်သင်တန်းတက်ဖို့ တစ်ရွာကို ခြောက်ဦးနှုန်းပေးရသလို ရွာခြောက်ရွာရှိတဲ့ အုပ်စုတစ်ခုအတွက် လူဦးရေသုံးဆယ် မဖြစ်မနေစာရင်းပေးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့စစ်သင်တန်းတွေကို ပုသိမ်မြို့က စစ်ကောင်စီရဲ့ ခလရ (၂၇၁) တပ်ရင်းနဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ သင်တန်းပေးနေတာလို့ ဆိုပါတယ်။
အဲဒီသင်တန်းအတွက် အသက်ကန့်သတ်ထားတာမျိုး မရှိဘဲ အသက်မပြည့်တဲ့သူတွေပါ သင်တန်းပေးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုသိမ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ ဧရာဝတီထဲမှာဆိုရင် သူတို့က ပြည်သူ့စစ်ကို အသက်ကန့်သတ်ထားတာ မရှိဘူးဗျ။ အရွယ်ရောက်ပြီးသား လူငယ်လေးတွေဆိုရင် အသက်အကန့်အသတ် မရှိဘဲနဲ့ သူတို့က ရရင်ရသလို စည်းရုံးတယ်။ ပြည်သူ့စစ်အဖြစ် သင်တန်းတွေပေးတယ်"
ဒေသခံတွေကို သင်တန်းတက်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ဖိအားပေး ခေါ်ယူနေတာကြောင့် မဖြစ်မနေတက်ရတာတွေပါ ရှိနေတယ်လို့ဆိုပါတယ်။
အရင်က တပ်ရင်းတွေနဲ့ စစ်ဌာနချုပ်မှာ အချိန်နှစ်ပတ်ကြာ ခေါ်ယူသင်တန်းပေးပေမယ့် တချို့က စာရင်းပေးပြီးမှ သင်တန်းမတက်ချင်လို့ ထွက်ပြေးပုန်းရှောင်တာတွေ ရှိလာတာကြောင့် အခုနောက်ပိုင်း စစ်ကောင်စီတပ်သားတွေကိုယ်တိုင် ရွာတွေအထိ ဆင်းပြီး သင်တန်းပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်ထဲက လုံခြုံရေးအရ ရွာအမည်မဖော်ပြချင်တဲ့ ရွာတစ်ရွာမှာလည်း အခုတစ်ပတ်အတွင်း အသက် ၁၈ နှစ်နဲ့ ၁၈ နှစ်အောက် လူငယ်သုံးဦး ပြည်သူ့စစ်သင်တန်း တက်ဖို့ ခေါ်ယူခံရသလို အနီးအနား ရွာတွေလည်း တစ်ရွာကို လူသုံးဦးခန့်လည်း ပေးနေရတယ်လို့ ဆိုပါတယ်။
အသက်မပြည့်သေးသူတွေကို စစ်သင်တန်းတက်ဖို့ ခေါ်ယူနေတာ နိုင်ငံတကာဥပဒေတွေနဲ့ မညီတာကြောင့် မလုပ်သင့်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မော်လမြိုင်ကျွန်း မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"အသက်မပြည့်သေးတဲ့ ကလေးတွေပါတာတော့ ဒါကတော့ နိုင်ငံတကာမှာလည်း ဥပဒေရှိတာပဲလေ၊ စစ်ထဲကို ဒီအသက်မပြည့်သေးသူတွေ သွင်းတယ်ဆိုတာ သက်ငယ်စစ်သားတွေပေါ့နော်။ အဲဒါတွေ မလုပ်ရဘူးဆိုတာ။ မလုပ်သင့်ဘူးပေါ့နော်"
ပြည်သူ့စစ်သင်တန်း နှစ်ပတ်တက်ပြီးသူတွေထဲက တချို့ကို ရွာတွေရဲ့လုံခြုံရေးဂိတ်တွေမှာ အစောင့်အဖြစ်ထားဖို့ ရွာတွေကိုပြန်လွှတ်ပေမယ့် တချို့တွေကိုတော့ နေရပ်ပြန်မလွှတ်တာ ရှိတယ်လို့ ပုသိမ်မြို့ခံတွေက ပြောပါတယ်။
စက်တင်ဘာလထဲမှာလည်း ပြည်သူ့စစ်သင်တန်းတက်ဖို့ဆိုပြီး ငပုတောမြို့နယ်အပြင် ချောင်းသာနဲ့ ငွေဆောင်က ဒေသခံ အနည်းဆုံး ရှစ်ဆယ်ဦးကို ငွေပေးပြီးစည်းရုံးခေါ်ယူ ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
ပြည်သူ့စစ်သင်တန်းတက်ဖို့ ဖိအားပေးခေါ်ယူနေတယ်ဆိုတဲ့အပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။
ဒါ့အပြင် စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း လက်ခံဖြေဆိုခြင်း မရှိပါဘူး။