ပြည်သူ့စစ်အဖွဲ့ ရိုက်နှက်မှုကြောင့် လီဆူတိုင်းရင်းသား ၅ ဦး ဆေးကုသခံနေရ
တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ ၁ နယ်မြေ ကန်းဖန့်ကျေးရွာတဝိုက်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့ စစ်အဖွဲ့က ဒေသခံတချို့ကို ပြီးခဲ့ တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်ပြီး ရိုက်နှက်ခဲ့တဲ့ အတွက် ရားလူး ရွာသား ၅ ဦး ဒဏ်ရာရရှိ ပြီး မြစ်ကြီးနားဆေးရုံမှာ ဆေးကုသခံနေရပါတယ်။
-
2016-11-04 -
-
-
တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ ၁ နယ်မြေ ကန်းဖန့်ကျေးရွာတဝိုက်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့စစ် အဖွဲ့က ဒေသခံတချို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်ပြီး ရိုက်နှက်ခဲ့တဲ့အတွက် ရားလူး ရွာသား ၅ ဦး ဒဏ်ရာရရှိပြီး မြစ်ကြီးနားဆေးရုံမှာ ဆေးကုသခံနေရပါတယ်။
စနစ်တကျ မအုပ်ချုပ်နိုင်ဘဲ ပြည်သူ့စစ်တွေဖွဲ့ပြီး လက်နက်တွေကို အလွယ်တကူ မပေးထားသင့်ဘူးလို့ ဒဏ်ရာရသူတွေကို ဆေးရုံမှာ သွားရောက်ကြည့်ရှုခဲ့တဲ့ ချီဖွေ၊ ဆော့လော်နဲ့ အင်ဂျန်းယန် မြို့နယ် ၃ ခုရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးယောန က ပြောပါတယ်။
ဒဏ်ရာရရှိသူတွေဟာ ချီဖွေမြို့နယ် ကန်းဖန့်ကျေးရွာအုပ်စု ရာလူးကျေးရွာက လီဆူ တိုင်းရင်းသား ရပ်မိ၊ ရပ်ဖ နဲ့ ကျောင်းကော်မတီဝင်တွေ ဖြစ်ပါတယ်။ ဒါဏ်ရာရသူ ငါးဦးထဲက တစ်ဦးဟာ ပေါင်မှာ သေနတ်ထိမှန်ခံထားရပြီး ကျန်လေးယောက်က ခေါင်း နဲ့ ခန္ဓာကိုယ်တွေမှာ ရိုက်နှက်ခံထားရတာဖြစ်ပါတယ်။
ရွာတဝိုက်က တောတောင်တွေထဲမှာ သစ်တောထွက်ပစ္စည်းတွေ ထုတ်ယူနေကြတဲ့ စီးပွားရေးသမားတချို့ထံက ရန်ပုံငွေကောက်ခံပြီး ရာလူးကျေးရွာက ဆရာ၊ ဆရာမတွေကို ထောက်ပံ့ဖို့ အစည်းအဝေးပြုလုပ်နေချိန်မှာ အင်အားနှစ်ဆယ်လောက်ရှိတဲ့ ပြည်သူ့စစ်အဖွဲ့က လာရောက်ပစ်ခတ်ရိုက်နှက်တာလို့ ဆိုပါတယ်။
အဲဒီစီးပွားရေးသမားတွေဟာ ပြည်သူ့စစ်အဖွဲ့နဲ့ ပတ်သက်မှုရှိတဲ့အတွက် ရားလူးရွာ ကျောင်းရန်ပုံငွေကောက်ခံ ဖို့ ဆွေးနွေးတာနဲ့ ဆက်စပ်ပြီး ရိုက်နှက်ပစ်ခတ်ခံရတာလို့လည်း သိရပါတယ်။
နှစ်ဖက်ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ရာမှာ အခုလက်ရှိမြစ်ကြီးနာဆေးရုံမှာ တက်ရောက် ကုသခံနေကြတဲ့ ရာလူး ရွာသားတွေက ဒဏ်ရာပိုမိုပြင်းထန်ပြီး ပြည်သူ့စစ်အဖွဲ့ဘက်ကလည်း ဒဏ်ရာရရှိသူ တချို့ရှိတယ်လို့ ချီဖွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်စိုး က ပြောပါတယ်။
လတ်တလောမှာ ဒဏ်ရာရရှိပြီး မြစ်ကြီးနားဆေးရုံမှာ ဆေးကုသခံနေရသူတွေကို ပြည်နယ်အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့က အကူအညီပေးနေပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ် နဲ့ တပ်မတော်ကို အကြောင်းကြားထားကြောင်းနဲ့ တရားစွဲဆိုဖို့လည်း စီစဉ်နေကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ က ပြောပါတယ်။
ကချင်ပြည်နယ်မှာ ကေအိုင်အေတပ်ဖွဲ့၊ ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA (K) ကနေအသွင်ပြောင်းထားတဲ့ နယ်ခြားစောင့်တပ်၊ ဦးဘောန်လမ်း ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့၊ ဦးလဆန်အောင်ဝါရဲ့ ဂွေထု ဋ္ဌာနေပြည်သူ့ စစ်၊ မြို့၊ ရွာနဲ့ ဒေသတချို့ကို အခြေပြုဖွဲ့စည်းထားတဲ့ ဌာနေပြည်သူ့စစ် စတဲ့ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနေ ကြပါတယ်။