တရုတ်ကွန်မြူနစ် ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့
မြန်မာနိုင်ငံကိုရောက်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ရန်ကျဲ့ချိဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
-
2020-09-02 -
-
-
မြန်မာနိုင်ငံကိုရောက်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ရန်ကျဲ့ချိဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ NCA စာချုပ်မှာ လက်နက်ကိုင်အားလုံး ပါဝင်ဖို့လိုကြောင်း၊ အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေ ရှိတဲ့နေရာတွေကလွဲလို့ ကျန်ဒေသတွေကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ အပစ်အခတ် ရပ်စဲထားတဲ့အကြောင်းတွေ အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ထောက်ပံ့ကူညီနေတာတွေကို ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ရန်ကျဲ့ချိ ဟာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
ကပ်ဘေးကာလအတွင်း နိုင်ငံတကာအစိုးရခေါင်းဆောင်တွေ ပြည်တွင်းပြည်ပ ခရီးသွားလာမှု ဆိုင်းငံ့ထားချိန်၊ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၇၀ နီးပါးပဲ ကျန်တော့တဲ့အချိန်မှာ အခုလို တရုတ်ကွန်မြူနစ် ထိပ်တန်းခေါင်းဆောင်တစ်ဦး လာရောက်တာကို နိုင်ငံရေး လေ့လာသုံးသပ်သူတွေက စိတ်ဝင်တစား ရှိနေကြပါတယ်။