ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမယ်လို့ စစ်ကောင်စီခေါင်းဆောင် ကတိပေး
အာဆီယံ အထူးသံတမန်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပေးလိုက်ပါတယ်။
- 2022-07-22
-
-
-
အာဆီယံ အထူးသံတမန်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် ပေးမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပေးလိုက်ပါတယ်။
တစ်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရမယ့် အလွန်ကောင်းမွန်တဲ့ အလားအလာတစ်ရပ် ရှိပါတယ်လို့ စစ်ကောင်စီခေါင်းဆောင်က အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်း အထူး သံတမန်လည်းဖြစ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရက်ဆော့ခွန်း (Prak Sokhonn) ကို ကတိပေးလိုက်တယ်လို့ ဝန်ကြီးက ပြောတဲ့အကြောင်း ဖနွမ်းပင်ပို့စ်သတင်းက ဖော်ပြပါတယ်။
Prak Sokhonn ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်အဖြစ် ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၃ ရက်ထိ သွားရောက်ချိန်မှာ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေးမှာ အရေးအပါဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်လို့ ရှုမြင်တဲ့အကြောင်း ပြောပါတယ်။ သူနဲ့ ဆွေးနွေးတာဟာ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲရဲ့ ရှေ့ပြေးဖြစ်မယ်လို့လည်း ဆိုပါတယ်။
ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ Prak Sokhonn က အကြိမ်ကြိမ်ပြောပေမယ့် အခုထိ တွေ့ခွင့်မရသေးပါဘူး။