ကိုမင်းကိုနိုင် ကျန်းမာရေး မိသားစုဝင်တွေ စိုးရိမ်

ရှမ်းပြည်နယ် ကျိုင်းတုံထောင်ကို ပို့ခံ ထားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ကျန်းမာရေး ချို့တဲ့နေတယ်လို့ သတင်းရရှိပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင် ၂ဝဝ၇ ခုနှစ် ဇန်နဝါရီလက နှစ်ရှည် ထောင်ဒဏ်မှ လွတ်မြောက်ခဲ့ပြီးနောက် မိသားစုနေအိမ်တွင် တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)
ကိုမင်းကိုနိုင်ဟာ မကြာခဏ ခေါင်းမူးတဲ့ဝေဒနာ ခံစားနေရသလို၊ နှလုံးအားနည်းတဲ့ ရောဂါပါ ခံစားနေရပြီလို့ သိရပါတယ်။ သြင်္ကန်မတိုင်ခင်က ကိုမင်းကိုနိုင်ကို ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က RFA ကို အခုလို ပြောပါတယ်။

ဆေးဝယ်ခိုင်းလို့ ဆေးဝယ်ပေးခဲ့ရတယ်။ ငလျင်လှုပ်ပြီးကတည်းက နည်းနည်း အားနည်းနေတယ်။ အခုတော့ ဆေးသောက်ရင်တော့ သက်သာမယ်လို့ ပြောတာပဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေငလျင်ကြောင့် ကျိုင်းတုံထောင်မှာလည်း အတော်လေး လှုပ်ခတ်သွားပါတယ်။ ဒါပေမယ့် ထောင်တွင်း အပျက်အစီးနဲ့ ထိခိုက်မှု မရှိတဲ့အကြောင်း သိခဲ့ရတာကိုလည်း ဒေါ်ကြည်ကြည်ညွန့်က ပြောပါတယ်။ ကိုမင်းကိုနိုင်ဟာ အရိုးကျည်းပေါင်း တက်တာနဲ့ အဆစ်အမြစ် ကိုက်ခဲတဲ့ ဝေဒနာတွေကို တောက်လျှောက် ခံစားနေခဲ့ရပြီး အခု နှလုံးအားနည်းတဲ့ ဝေဒနာ ခံစားလာရတာပါ။

၁၉၈၉ ခုနှစ် ကနေ ၂ဝဝ၄ ခုနှစ်အထိ အင်းစိန်နဲ့ စစ်တွေထောင်တွေမှာ နေခဲ့ရပါတယ်။ အခုတကြိမ် ၂ဝဝ၇ ခုနှစ်မှာ အဖမ်းခံရတဲ့ အခါမှာတော့ ထောင်ဒဏ် ၆၅ နှစ်နဲ့ ၆ လ ချမှတ်ခံရပြီး အင်းစိန်ထောင်က တဆင့် ရှမ်းပြည်နယ် ကျိုင်းတုံထောင်မှာ အပို့ခံထားရတာပါ။

အလားတူပဲ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးထောင်မှာ အပို့ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူ မဟန်နီဦးလည်း ကျန်းမာရေး မကောင်းဘူးလို့ သိရပါတယ်။ မဟန်နီဦးဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှာ ပါဝင် လှုပ်ရှားခဲ့ပြီး ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နောက်ပိုင်း ထောင်ဒဏ် ၉ နှစ်နဲ့ ၆ လ ချမှတ်ခံထားရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး မိသားစုဝင်တွေရဲ့ အမြင်တွေကို ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org