လူသားတိုင်းကို မေတ္တာထားဖို့ ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း
မည်သည့် ဘာသာ၊ အယူဝါဒကို ကိုးကွယ်ယုံကြည်သူဖြစ်စေ ဘာသာတရားရဲ့ အဆုံးအမနဲ့အညီ လူသားအချင်းချင်း တစ်ဦးကို တစ်ဦး မေတ္တာထားဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။
-
2019-11-04 -
-
-
မည်သည့် ဘာသာ၊ အယူဝါဒကို ကိုးကွယ်ယုံကြည်သူဖြစ်စေ ဘာသာတရားရဲ့ အဆုံးအမနဲ့အညီ လူသားအချင်းချင်း တစ်ဦးကို တစ်ဦး မေတ္တာထားဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မနေ့က ကျင်းပတဲ့ ဟိန္ဒူရိုးရာ ဒီပါဝလီနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်တာပါ။
နိုင်ငံရဲ့ ကဏ္ဍတိုင်းမှာ စည်းလုံးညီညွတ်ဖို့လိုအပ်နေပြီး အပြန်အလှန် ယုံကြည်မှုဖို့လိုကြောင်း၊ ဒါမှသာ မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းရဲ့ ပကတိလိုအပ်ချက်ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။
တပ်ချုပ်ဟာ ဟိန္ဒူရိုးရာ ဒီပါဝလီနေ့ အထိမ်းအမှတ် အခမ်းအနားကို ပထမဆုံးအကြိမ် တက်ရောက်တာလည်းဖြစ် ပါတယ်။
စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ ဟိန္ဒူဘုရားရှိခိုးကျောင်းကို သွားရောက်လှူဒါန်းခဲ့ပါတယ်။
တပ်မတော်ခေါင်းဆောင်ဟာ ယခင်က ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး လှူဒါန်းမှုတွေ လုပ်ခဲ့ပေမယ့် မကြာသေးခင် လပိုင်းကစပြီး ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာဝင်တို့ကိုလည်း ထိတွေ့လှူဒါန်းတာ ဆက်တိုက်လုပ်လာပါတယ်။
ဒီလှုပ်ရှားမှုတွေဟာ ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်ချုပ် အပါအဝင် တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC တင်ဖို့ နိုင်ငံတကာက ဖိအားပေးလာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတချို့ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီဖိအားတွေကြောင့် အခုအချိန်မှာ ဘာသာပေါင်းစုံကို လိုက်လံလှူဒါန်းတာတွေနဲ့ အခမ်းအနားတွေကို တက်ရောက်နေတာလို့ ဝေဖန်ကြပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်ချုပ်ရဲ့ လှူဒါန်းမှု၊ ထိတွေ့ မှုတွေဟာ ဖိအားတွေကြောင့် ဆောင်ရွက်တာ မဟုတ်ဘဲ လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာ စည်းလုံးညီညွတ်မှု လိုအပ်နေတဲ့အချိန်ဖြစ်တဲ့အတွက် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးအရ စည်းလုံးညီညွတ်ဖို့ ဆောင်ရွက်နေတာဖြစ်ကြောင်း RFA ကို ပြောထားပါတယ်။
ကိုဖီအာနန် မကွယ်လွန်ခင်က ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့တဲ့ အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဦးအေးလွင်ကတော့ ဘာသာရေးမခွဲခြားဘဲ လှူဒါန်းတာဟာ ဘာသာရေး ရှုထောင့်ကနေ ကောင်းတဲ့အလုပ်ဖြစ်တယ်လို့ မှတ်ချက်ပေးထားပါတယ်။