အာဇာနည်နေ့ အခမ်းအနား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ်

ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ဇူလိုင် ၁၉ ရက်နေ့ ကျင်းပမယ့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ်လို့ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း တို့ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရစဉ် Photo: Myanmar State Counsellor Office Facebook

ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ဇူလိုင် ၁၉ ရက်နေ့ ကျင်းပမယ့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ်လို့ သိရပါတယ်။ အခုလို တက်ရောက်မယ့်အကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာန ညွန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း က RFA ကို ဒီကနေ့ အတည်ပြုပြောကြားပါတယ်။

"ဒီနှစ် ၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တပ်ချုပ်ကြီးတက်မှာပါခင်ဗျာ၊ ကျနော်တို့လည်း သတင်းထုတ်ပေးပါ့မယ်နော် တက်မယ့်အကြောင်းတွေကို၊ တက်ရောက်ဖြစ်ပါတယ်၊ လောလော ဆယ်တော့ ကျနော်တို့ ဗိုလ်ချုပ်မှူးကြီး တက်မယ်ဆိုတာလောက်ပဲ ကျနော်တို့ို ပြောထားနိုင်ပါတယ် ခင်ဗျာ၊ ကျန်တာတွေတော့ ကျနော်တို့ မပြောနိုင်သေးပါဘူး"

ဒါဟာ အာဇာနည်နေ့အခမ်းအနားကို နှစ်ပေါင်းများစွာအတွင်း ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တက်ရောက် ဂုဏ်ပြုတာဖြစ်တဲ့အတွက် အင်မတန်အားရဝမ်းသာမိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက ဦးတင်ဦး က ပြောပါတယ်။

"ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်တက်တာကတော့ အမှန်ဆုံးပဲ တက်ရမှာပဲ၊ ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားတာကို အရင်တုန်းက ပါလီမန်ဒီမိုကရေ စီခေတ်တုန်းက လုပ်တဲ့ဥစ္စာအတိုင်းပဲ ပြန်ပြီးတော့ကာ ကျနော်တို့ တပ်နဲ့ပြည်သူ တပေါင်းတည်း တက်ကြရတယ်ဆိုတဲ့ ပုံသဏ္ဍန်ပေါ်သွားတာပေါ့၊ ကောင်းသောစခြင်းပေါ့ဗျာ အဲ့သလို၊ အဲ့ဒါကို ဒီတစ်နှစ်ထဲ တက်ဖို့မလုပ်ဘဲနဲ့ နှစ်တိုင်းနှစ်တိုင်းမှာ ဒီလိုအချိန်အခါကျရင် ကာကွယ်ရေးဦးစီးချုပ်တက်တဲ့ ဟာက အင်မတန်ကောင်းတဲ့ အစဉ်အလာပဲ၊ တပ်အတွက်လည်း ကောင်းတယ်၊ ပြည်သူလူထုအတွက် လည်း ကောင်းတယ်၊ အရင်တုန်းက အဲ့လိုတက်ကြတာပဲ၊ နောက်ပိုင်းကျမှသာ တော်လှန်ရေးကောင်စီ ကျတော့ ဦးနေဝင်းက ကာကွယ်ရေးဦးစီးချုပ်၊ သူကိုယ်တိုင်ကလည်းပဲ ကျနော်တို့ တော်လှန်ရေးကောင်စီ ဥက္ကဌ တပေါင်းတည်းဖြစ်သွားလို့ ဒါပေမဲ့လို့ ဦးစန်းယုတို့ ရန်ကုန်မှာရှိတဲ့လူတွေထဲက တော် လှန်ရေးကောင်စီထဲက ဗိုလ်ချုပ်တင်ဖေတို့ရော၊ ကျနော်တို့ရော၊ နောက်ပြီးတော့ တော်လှန်ရေးကောင် စီဖြစ်တဲ့ ပုဂ္ဂိုလ်တွေရော၊ အဲ့ဒါ တက်ကြတာပဲဗျ၊ အဲ့ဒီတုန်းက အကုန်လုံး နောက်ပိုင်းကျတော့ တဖြည်းဖြည်းနည်းသွားတယ်"

အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေနဲ့ လွှတ်တော် အကြီးအကဲတွေလည်း တက်ရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအခမ်းအနား ကို နိုင်ငံတော်အကြီးအကဲအနေနဲ့ မဟုတ်ဘဲ အာဇာနည်တစ်ဦးရဲ့ မိသားစုဝင်အဖြစ်နဲ့သာ တက်ရောက်မယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့အတိုင်း တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်တွေကို ရည်စူးပြီး ပင့်သံဃာတွေကို ဆွမ်းကပ်လှူဒါန်းမယ်လို့ လည်း သိရပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကတော့ အာဇာနည်ခေါင်းဆောင်တွေအတွက် ရည်စူးကျင်းပတဲ့ နေပြည်တော်က ဆွမ်းကျွေးအခမ်းနားကို တက်ရောက်မှာဖြစ်ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားခဲ့တဲ့ မနက် ၁ဝ နာရီ ၃၇ မိနစ်မှာ နိုင်ငံပိုင်မီဒီယာတွေကနေ ဥသြဆွဲအချက်ပေးမှာဖြစ်သလို နိုင်ငံတော်အလံတွေကိုလည်း တိုင်ဝက်လွှင့်ထူကြဖို့ အစိုးရက ညွှန်ကြားထားပါတယ်။

ဒီအတောအတွင်း နေပြည်တော်မှာရှိတဲ့ တပ်မတော်စစ်သမိုင်းပြတိုက်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီကနေ့ အတူတကွ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။

အာဇာနည်နေ့အခမ်းအနားနဲ့ ပတ်သက်ပြီး NLD နာယက ဦးတင်ဦး ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org