ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချင်းပြည်နယ်တီးတိန် (ဇိုးမီး) အဖွဲ့က ချင်းသူရဲကောင်းဘွဲ့ပေးအပ်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ ချင်းပြည်နယ် တီးတိန် (ဇိုးမီး) အဖွဲ့က ချင်းသူရဲကောင်းဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။
-
2018-12-05 -
-
-
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ ချင်းပြည်နယ် တီးတိန် (ဇိုးမီး) အဖွဲ့က ချင်းသူရဲကောင်းဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။
တီးတိန် (ဇိုမီး) အသင်းက ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီး ဂျိုးဇက်ထန်နင့်ဇိုမုန် ဦးဆောင်တဲ့အဖွဲ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို မြောက်ပိုင်း ချင်းတိုင်းရင်းသားတွေရဲ့ အမြင့်ဆုံးသူရဲကောင်းဘွဲ့ဖြစ်တဲ့ ချင်းသူရဲကောင်းဘွဲ့ဂုဏ်ပြုလွှာနဲ့ ချင်းသူရဲကောင်းတွေ ကိုင်ဆောင်ခဲ့တဲ့ ဓားနဲ့ပုံစံတူ ဓားရှည်တစ်လက်ကို နေပြည်တော်မှာ ဘုရင့်နောင်ရိပ်သာမှာ မနေ့က ပေးအပ်ခဲ့တာဖြစ်ပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တွေ့ဆုံပြီး ခရစ်စမတ်ဆုတောင်းစကားပြောဖို့ စီစဉ်ရာကနေ ချင်းသူရဲကောင်း ဘွဲ့ကို ပေးဖြစ်ခဲ့တာဖြစ်ပြီး အခုလို ဘွဲ့ပေးအပ်ခဲ့တာဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာ့တပ်မတော်မှာ ရာထူးတာဝန် အကြီးဆုံးဖြစ်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း သွေးထွက်သံယိုမရှိပဲနဲ့ ချောချောမောမောဆောင်ရွက်ပေးခဲ့သလို ဒီနေ့ထိလည်း မြန်မာနိုင်ငံကို အခက်အခဲမျိုးစုံကနေ ကာကွယ်ပေးခဲ့ပြီး သူရဲ့ကာကွယ်ပေးမှုကြောင့် ငြိမ်းချမ်းစွာနေနိုင်တဲ့အတွက် ပေးခဲ့တာဖြစ်ကြောင်း တီးတိန်(ဇိုမီး)အသင်း (ရန်ကုန်) က အထွေထွေအတွင်းရေးမှူး ဦးကပ်ခင်းပေါင်က RFA ကို ပြောပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ခေါင်းဆောင်တစ်ဦးအဖြစ် သူ့ကိုအသိအမှတ်ပြုတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးဟာ အရေးကြီးပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုး တိုးတက်မှာဖြစ်ကြောင်း၊ ချင်းပြည်နယ်ဟာ အရင်ကတည်းက လက်နက်ကိုင် ပဋိပက္ခတွေ မရှိခဲ့ဘဲ ဖြူစင်ပြီးသား နယ်မြေဖြစ်လို့ အရောင်မစွန်းစေလိုကြောင်း စတဲ့ အချက်တွေကို ပြောကြားခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
တီးတိန်(ဇိုမီး)အသင်းနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ အခုလို တွေ့ဆုံတာက ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ တီးတိန်(ဇိုမီး) အသင်းကို ဖွဲ့စည်းထားတာ နှစ် ၂၀ ကျော်ရှိပြီး အသင်းအနေနဲ့ ရိုးရာယဉ်ကျေးမှု စာပေ မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်ဆောင်ရွက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အခုလို ချင်းသူရဲကောင်းဘွဲ့ပေးခဲ့တာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေအပေါ် လွတ်လပ်စွာသဘောထား ကွဲလွဲပိုင်ခွင့်ရှိတဲ့အတွက် ဒီပေါ်မှာ ဘာမှတုံ့ပြန်သွားမှာ မဟုတ်ဘူးလို့ တီးတိန် (ဇိုမီး)အသင်းက ဦးကပ်ခင်းပေါင်က ပြောပါတယ်။
အသင်းအနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံပြီး ခရစ်စမတ် ဆုတောင်းစကား ပြောကြားလိုတဲ့အတွက် တွေ့ခွင့်တောင်းထားတယ်လို့လည်း သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့လိုက်တာပါ။