ကြံ့ခိုင်ရေးပါတီအပါအဝင် မိတ်ဖက် ၃၄ ပါတီနဲ့ ဗိုလ်ချုပ်မှူးကြီး တွေ့ဆုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီက ခေါင်းဆောင်တွေဟာ လာမယ့်ရွေးကောက်ပွဲ လွတ်လပ်၊ တရားမျှတမှုနဲ့ ပတ်သက်ပြီး ဒီနေ့ ဆွေးနွေးခဲ့ကြတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။
-
2020-08-14 -
-
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီက ခေါင်းဆောင်တွေ နေပြည်တော်က ဘုရင့်နောင်ဧည့်ရိပ်သာမှာ သြဂုတ် ၁၄ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။ နိုင်ငံရေးပါတီတွေ ဘက်က တွေ့ဆုံချင်လို့ ဒီအစီအစဉ် ဖြစ်လာတာလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ပြောပါတယ်။ လက်ရှိအာဏာရ NLD ပါတီကတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ဆုံတဲ့အထဲမှာ မပါပါဘူး။
လာမယ့် ရွေးကောက်ပွဲ လွတ်လပ်၊တရားမျှတမှုနဲ့ ပတ်သက်ပြီး မနေ့က ဆွေးနွေးခဲ့ကြတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
"အဓိကကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ပေါ့၊ ဒါကို ဦးတည်တယ်။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကို အဓိက တိုင်ပင်ဆွေးနွေးကြတယ်လို့ပဲ အကြမ်းဖျင်း သိရတယ်။ ပြည်ခိုင်ဖြိုးအပါအဝင် မိတ်ဖက်နိုင်ငံရေးပါတီတွေ တိုင်းပြည်အရေးနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးကြ၊ အစိုးရကို တိုက်တွန်းကြတာ ရှိတယ်။ တချို့က ကာချုပ်နဲ့တွေ့ဖို့ အကြံပြုကြတာပေါ့၊ တိုင်းရင်းသားပါတီတွေရော။ ကာချုပ်ကလည်း နိုင်ငံရေးပါတီတွေ တွေ့ချင်တယ်ဆိုတဲ့အတွက် ဖိတ်ကြားပေးတာပေါ့လေ"
မိတ်ဖက်ပါတီတွေက ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့လိုကြောင်း တောင်းဆိုထားတဲ့အတွက် ဒီတွေ့ဆုံပွဲ ဖြစ်မြောက်လာတာလို့ ဆိုပါတယ်။
နေပြည်တော် စစ်ဦးစီးချုပ်ရုံးမှာ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဒေါ်စန္ဒာဦး ကတော့ ဗိုလ်ချုပ်မှူးကြီးက ညီညီညွတ်ညွတ်နေကြဖို့ အဓိက တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။
"တပ်ချုပ်ကြီးက အားလုံးစည်းလုံးကြဖို့ပဲ ပြောတာပါ။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့၊ စည်းလုံးညီညွတ်ဖို့၊ အားလုံးပူးပေါင်းပြီး ဆောင်ရွက်ကြဖို့၊ ဒါပဲ ပြောတာပါ"
ဗိုလ်ချုပ်မှူးကြီးနဲ့တွေ့ဆုံတဲ့အထဲမှာ လက်ရှိအာဏာရ NLD ပါတီတော့ မပါဝင်ပါဘူး။
တွေ့ဆုံပွဲမှာ မပါတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုသတင်းနဲ့ပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ ဒီလိုတွေ့ဆုံမှုတွေနဲ့ ပတ်သက်လို့ ကန့်ကွက်စရာ ဝေဖန်စရာမရှိဘူးလို့ ပြောပါတယ်။
"နိုင်ငံရေးပါတီသုံးဆယ်လောက်ကို ဖိတ်တယ်၊ NLD တို့ဘာတို့ မပါဘူးပေ့ါဗျာ။ ဒါတွေက သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေပါပဲ။ ဒီဟာအတွက် ကျွန်တော်တို့ ဘာမှကန့်ကွက်စရာ အကြောင်းလည်း မရှိပါဘူး။ ဒီဟာနဲ့ပတ်သက်ပြီး ဝေဖန်ပြောကြားစရာလည်း အကြောင်းမရှိဘူးလို့ပဲ ပြောချင်ပါတယ်။ ကိုယ်နဲ့အယူအဆ တူရာတူရာ ဒီလိုပဲ ပေါင်းစည်းကြတယ် ဆွေးနွေးကြတယ် ဆိုတာလည်း နိုင်ငံရေးရဲ့သဘာဝပါပဲ"
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကတော့ ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံတာမျိုးက အရင်ကလည်း ရှိခဲ့ဖူးတယ်လို့ထောက်ပြပါတယ်။
"အရင်ကဆိုရင် ရခိုင်ပါတီတွေကို လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောဖို့ဆိုဖို့ တွေ့ဆုံတာရှိတယ်။ နောက်တစ်ခုကတော့ တချို့ပါတီတွေရဲ့ ဦးတည်ချက်ကိုက ဥပမာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆိုပါစို့၊ သူတို့က ဒို့တာဝန်အရေးသုံးပါးလို ဟာမျိုးကို သူတို့ရဲ့ ရည်ရွယ်ချက်ထဲမှာ ထားထားတယ်လေ။ ဆိုတော့ အဲဒါမျိုး တချို့ကိစ္စတွေမှာတော့ သူတို့ တွေ့ဆုံပြောဆိုစရာတွေ ရှိမယ်လို့ ထင်ပါတယ်"
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံပွဲကို တက်ရောက်တဲ့ထဲမှာ ကြံ့ခိုင်ရေးပါတီရဲ့ မိတ်ဖက်တွေ ဖြစ်ကြတဲ့ တိုင်းရင်းသား စည်း လုံးညီညွှတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ မတူကွဲပြားခြင်း နှင့်ငြိမ်းချမ်းရေးပါတီ၊ “ဝ’ အမျိုးသားပါတီ၊ ပြည်သူ့အကျိုးပြု ကျောင်းသားများ ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ စတဲ့ ပါတီတွေ ပါဝင်ကြပါတယ်။