ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် လွှတ်​တော်အတည်ပြုချက်လိုကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ပြော

ပြည်သူ့ကာကွယ်ရေးတပ်တွေက ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ထူထောင်လာချိန်မှာပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် လွှတ်​တော်အတည်ပြုချက် ရယူဖို့လိုတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောဆိုပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးသို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က တက်ရောက်ခဲ့စဉ်။ Myanmar Military

စစ်ကောင်စီ စွန့်လွတ်လိုက်ရတဲ့ မြို့နယ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ထူထောင်လာချိန်မှာပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် လွှတ်​တော်အတည်ပြုချက် ရယူဖို့လိုတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောဆိုပါတယ်။

နေပြည်တော်မှာ ဇန်နဝါရီလ ၂၆ ရက်က ပြုလုပ်ခဲ့တဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာပါ။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြည်နယ်၊ ဒေသများတွေ ရရှိအောင် ဥပဒေပြင်ပကနေ တောင်းဆိုလာကြောင်း၊ ဒါကို နိုင်ငံရေးအရ ဆွေးနွေးပြီး လွှတ်တော်မှာ တည်ပြုဖို့လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်နက်ကိုင်လမ်းစဉ်နဲ့ တောင်းဆိုလို့ မရဘူးလို့လည်း သူက ပြောပါတယ်။

နိုင်ငံရေးသုံးသပ်သူတစ်ဦးကတော့ စစ်ကောင်စီက အရင်ဆုံးအာဏာစွန့်လွှတ်ပြီး လွှတ်တော်ပြန်ကျင်းပနိုင်အောင် စီစဉ်သင့်တယ်လို့ ထောက်ပြပါတယ်။

"ဥပဒေပြင်ပက မတောင်းစေချင်ရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အာဏာကိုစွန့်လွှတ်ပြီး လွှတ်တော်ပြန်ကျင်းပခိုင်းလိုက်ပါ။ သူကိုယ်တိုင်ကိုယ်က ဥပဒေပြင်ပကနေ နိုင်ငံကို အာဏာသိမ်းထားတာပါ။ ဒီအချိန်မှာ ဘာလို့ဒီစကားပြောလဲဆိုရင် ဒါစစ်တပ်ရဲ့ လုပ်ပုံကိုင်နည်းတွေထဲက အပျော့ဆွဲနဲ့ပြောတဲ့ ပုံစံတစ်ခုပါပဲ"

လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက မြို့ပေါင်း သုံးဆယ်ကျော်ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက သိမ်းယူထားပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်တွေ ထူထောင်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org