စစ်တက္ကသိုလ်မိန့်ခွန်းမှာ ရွေးကောက်ပွဲကိစ္စ ဗိုလ်ချုပ်မှူးကြီး ထည့်သွင်းပြောကြား
ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်တဲ့အခါ ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ရမယ်၊ ရိုးသားမှန်ကန်စွာ ဆောင်ရွက်ရမယ်၊ သမာသမတ်ရှိရမယ်၊ မည်သို့သော နည်းလမ်းမကျတဲ့ ဆောင်ရွက်မှုမျိုးကိုမဆို ယုံကြည်မှု ကင်းမဲ့စေတယ် ဆိုတာကို သတိပြုရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ပြောလိုက်ပါတယ်။
-
သက်စုအောင်
2020-12-04 -
-
-
ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်တဲ့အခါ ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ရမယ်၊ ရိုးသားမှန်ကန်စွာ ဆောင်ရွက်ရမယ်၊ သမာသမတ်ရှိရမယ်၊ မည်သို့သော နည်းလမ်းမကျတဲ့ ဆောင်ရွက်မှုမျိုးကိုမဆို ယုံကြည်မှု ကင်းမဲ့စေတယ်ဆိုတာကို သတိပြုရမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ပြင်ဦးလွင်မြို့နယ်မှာကျင်းပတဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောလိုက်တာပါ။
ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကိုယ်မဲပေးရွေးချယ်လိုက်တဲ့သူတွေဟာ မိမိနိုင်ငံနဲ့ဒေသကို ကောင်းကျိုးပြုနိုင်ဖို့လိုပြီး လူရွေးမှားရင် အခက်အခဲများစွာ ကြုံလာမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆိုပါတယ်။
ရွေးကောက်ပွဲပြီးသွားတာ တစ်လနီးပါး ကြာမြင့်နေချိန်မှာ ရွေးကောက်ပွဲအကြောင်း တပ်မတော်ခေါင်းဆောင်က လူသိရှင်ကြား ပြောလိုက်တာပါ။ ရွေးကောက်ပွဲမတိုင်ခင်တုန်းကလည်း ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ကြေညာချက်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို သံသယရှိကြောင်း၊ အစိုးရအနေနဲ့ ကော်မရှင်ရဲ့ မှားယွင်းမှုတွေကိုကြီးကြပ်ဖို့ တာဝန်ရှိကြောင်း ထောက်ပြ ဝေဖန်ထားသလို နောက်တနေ့ ရန်ကုန်အခြေစိုက် ပေါ်ပြူလာမီဒီယာနဲ့ တွေ့ဆုံမေးမြန်းချက်မှာ အလားတူ ဝေဖန်ပြောဆို ခဲ့ပါတယ်။
တပ်မတော်ရဲ့ထုတ်ပြန်ချက်၊ ပေါ်ပြူလာသတင်းဌာနနဲ့ ပြောဆိုချက်တွေဟာ နိုင်ငံရေးပါတီတွေနဲ့ လူပုဂ္ဂိုလ်တချို့ရဲ့ တိကျရေရာမှုမရှိတဲ့ ပြောကြားချက်တွေကို အခြေခံထားတာတွေ့ရသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေတွေရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှု မရှိဘူးလို့ နိုဝင်ဘာလ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောခွင့်ရှိသူ ဦးဇော်ဌေးက တုံ့ပြန်ပြောကြားခဲ့ပါတယ်။
တပ်မတော်ရဲ့ ထုတ်ပြန်ချက်က ဥပဒေနဲ့မညီဘူးဆိုတာကို လက်မခံဘူးလို့ အဲဒီနေ့မှာပဲ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ငြင်းဆိုထားပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် ဒီလို အပြန်အလှန် ပြောဆိုမှုတချို့ ရှိနေပေမယ့် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာ ရပ်ကွက် အမှတ် (၁) မဲရုံမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်မဲပေးစဉ် သတင်းထောက်တွေနဲ့ ရှားရှားပါးပါး တွေ့ဆုံရာမှာတော့ “ပြည်သူဆန္ဒနဲ့အညီ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး လက်ခံရမှာ” လို့ ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်အပြီးမှာတော့ တပ်မဲရုံတွေမှာ မဲပေးမှုနဲ့ ပတ်သက်ပြီး ပြန်လည်စစ်ဆေးမယ်လို့ တပ်မတော်က ကြေညာခဲ့ပြီး ပညာရှင်တွေကတော့ ပြန်စစ်မယ့် လုပ်ရပ်ဟာ အခြေခံဥပဒေနဲ့မညီကြောင်း ဝေဖန်ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟာ အသက် ၆၅ နှစ် ပြည့်တော့မှာဖြစ်တဲ့အတွက် တပ်က အနားယူမလား၊ တပ်မတော်က စေလွှတ်တဲ့ ဒုတိယ သမ္မတအဖြစ်နဲ့ နိုင်ငံရေးစင်မြင့်မှာ တာဝန်ဆက်ယူမလားဆိုတာ အများက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
သူ့အရင် ကာကွယ်ရေး ဦးစီးချုပ်တာဝန်ယူခဲ့သူကတော့ အသက် ၇၈ နှစ်မှ အငြိမ်းစားယူခဲ့တာပါ။
သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ တပ်မတော် အစိုးရလက်ထက်နဲ့ လက်ရှိ အခြေအနေ မတူတော့တဲ့အတွက် ဗိုလ်ချုပ်မှူးကြီး အနားယူဖို့ ဖြစ်နိုင်ခြေ ပိုများတယ်လို့ RFA ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မှတ်ချက်ပေးပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ရာထူးသက်တမ်း သတ်မှတ်ချက်နဲ့ ပတ်သက်ရင် ဥပဒေ၊ အမိန့်ထုတ်ပြန် ချက်တွေကို ကျော်လွန်ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ အများစိတ်ဝင်စားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ကနေ အငြိမ်းစားယူမလား၊ အစိုးရအဖွဲ့မှာ ပါဝင်မလား ဆိုတာကို တိတိကျကျ မပြောသေးပါဘူး။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ခရီးအဆက်မပြတ်ထွက်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟာ ကချင်ပြည်နယ်မှာ ဘာသာရေးခေါင်းဆောင် ကချင်နှစ်ခြင်း အသင်းတော် ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်၊ ရှမ်းပြည်နယ်မှာ UWSA လက်နက်ကိုင်အဖွဲ့ ထိပ်တန်း ကိုယ်စားလှယ်အဖွဲ့တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)