ဘယ်လာရုစ်နိုင်ငံကို အရိုးသားဆုံး စီးပွားဖက်အဖြစ် မြန်မာ ကာချုပ် ပြောဆို

ဘယ်လာရုစ်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘယ်လာရုစ် ဝန်ကြီး ချုပ် မစ်ခေး မိုင်ယက်စကီနိုဗစ်ချ်နဲ့ မနေ့ကတွေ့ဆုံခဲ့ပါတယ်။

ဘယ်လာရုစ်နိုင်ငံကို ရောက်ရှိနေတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့အဖွဲ့ နိုဝင်ဘာ ၂ ရက်နေ့က မင့်စ်မြို့ရှိ Stalin’s Line သမိုင်းဝင်ခံစစ်နေရာကို သွားရောက်လေ့လာစဉ် Photo: Senior General Min Aung Hlaing Facebook

ဘယ်လာရုစ်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ဘယ်လာရုစ် ဝန်ကြီးချုပ် မစ်ခေး မိုင်ယက်စကီနို ဗစ်ချ်နဲ့ မနေ့ကတွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဘယ်လာရုစ်နိုင်ငံဟာ မိမိတို့အတွက် ရိုးသားမှု အရှိဆုံး လုပ်ဖေါ်ကိုင်ဖက် ဖြစ်တာကြောင့် အပြန်အလှန် အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြဖို့၊ စီမံကိန်းတွေ ပူးတွဲအကောင်အထည်ဖေါ်ကြဖို့ စိတ်ဝင်စားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ Belarusian News သတင်းစာကဖေါ်ပြပါတယ်။

အဲ့ဒီနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မင့်စ်မြို့မှာရှိတဲ့ ဒုတိယကမ္ဘာစစ်အတွင်း သမိုင်းဝင် စတယ်လင်လိုင်း ခံတပ်နေရာနဲ့ စစ်သမိုင်းပြတိုက်ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုဝင်ဖြစ်ခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံဟာ ၁၉၉၁ ခုနှစ်မှာ သီးခြားလွတ်လပ်တဲ့ နိုင်ငံဖြစ်လာ ခဲ့ဲပြီး၊ မြန်မာနဲ့ ၁၉၉၉ ခုနှစ်မှာ သံတမန်ဆက်သွယ်ရေး စတင်ခဲ့ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေရဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေမှာ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်မှု မရှိဆုံး နိုင်ငံများစာရင်းမှာ ဘယ်လာရုစ်နိုင်ငံဟာ မြန်မာနဲ့အတူပူးတွဲ ဖော်ပြခံရလေ့ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံမှာ နိုဝင်ဘာ ၅ ရက်နေ့အထိ လည်ပတ်မယ်လို့သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံကိုအသွား ရုရှားနိုင်ငံ မော်စကိုလေဆိပ်မှာ ရုရှားစစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံစစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org