စစ်တွေမြို့အဝင် မင်းချောင်းတံတားကို စစ်ကောင်စီတပ် မိုင်းခွဲဖျက်ဆီး

စစ်တွေမြို့နယ် စစ်တွေ - ရန်ကုန်ကားလမ်းမပေါ် အမြင့်ကျွန်းရွာနားက မင်းချောင်းတံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ မိုင်းခွဲဖျက်ဆီးခံလိုက်ရသည့် မင်းချောင်းတံတားအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တွေ့ရစဥ်။ Citizen Journalist

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် စစ်တွေ - ရန်ကုန်ကားလမ်းမပေါ် အမြင့်ကျွန်းရွာနားက မင်းချောင်းတံတားကို ဖေဖော်ဝါရီလ ၁၁ ရက်မှာ စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်မှာ စိုးရိမ်တာကြောင့် အခုလိုဖျက်ဆီးလိုက်တာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ဖျက်ဆီးလိုက်တာက စနေနေ့ကတည်းကပါ။ ပါဒလိတ်တပ်ရင်းက စစ်သားတွေကားနဲ့လာပြီး မိုင်းခွဲသွားတာလို့ သိရပါတယ်။ အခုတော့ တံတား တစ်ပိုင်းကျိုးသွားပြီ။ ကားတွေ၊ ဆိုင်ကယ်တွေ သွားလို့မရတော့ဘူး။ သူတို့က စစ်တွေမြို့ကို AA က ဝင်တိုက်မှာကိုစိုးရိမ်လို့ အခုလို မြို့အဝင်တံတားကို ဖျက်ဆီးလိုက်တာလို့ ထင်ပါတယ်”

စစ်တွေမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အခြေစိုက်ပြီး အဲဒီတပ်ရင်းတွေ၊ ပြည်နယ်စစ်ကောင်စီရုံးတွေနဲ့ မြို့အနီးဝန်ကျင်တွေမှာလည်း စစ်ကောင်စီတပ်က ခံတပ်တွေအခိုင်အမာ ပြင်ဆင်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တွေအခြေစိုက် တပ်ရင်းတွေနဲ့ အမှတ် (၁၂) ရဲတပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်သံတွေကိုလည်း နေ့စဉ်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကတော့ စစ်တွေမြို့မှာ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ရန်ကုန်ဘက်နဲ့ တခြားနီးစပ်ရာ မြို့နယ်၊ ရွာတွေဘက် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

မင်းချောင်းတံတားကို မိုင်းဆွဲဖျက်ဆီးလိုက်တယ်ဆိုတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်နေတာ သုံးလရှိပြီဖြစ်ပြီး ပေါက်တော၊ မင်းပြား၊ မြောက်ဦးနဲ့ ကျောက်တော်၊ မောင်တောနဲ့ တောင်ပြိုမြို့တွေအပြင် ချင်းပြည်နယ် ပလက်၀မြို့ကိုပါ (AA) သိမ်းပိုက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org