လက်နက်တွေ ဝယ်မယ်လို့ CDF မင်းတပ် ထုတ်ပြန်
စစ်ကောင်စီတပ်သားတွေအနေနဲ့ ကျည်ဆန်တချို့ ရောင်းချချင်တယ်ဆိုရင် ဆက်သွယ်နိုင်တယ် CDF မင်းတပ်က ဒီနေ့ကြေညာချက်ထုတ်ပါတယ်။
- 2022-02-07
-
-
-
ချင်းပြည်နယ်နဲ့ မကွေးတိုင်း မြို့နယ်တချို့မှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ လက်နက်ငယ်နဲ့ လက်နက်ကြီးကျည်ဆန်တချို့ ရောင်းချချင်တယ်ဆိုရင် ဆက်သွယ်နိုင် တယ်လို့ ချင်းကာကွယ်ရေးတပ် (CDF) မင်းတပ်က ဖေဖော်ဝါရီ ၇ ရက် ဒီကနေ့ ကြေညာ ချက်ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နဲ့ မကွေးတိုင်း ကျောက်ထု၊ ဆော၊ ဂန့်ဂေါနဲ့ ထီးလင်း မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က ရဲဘော်တွေ အသုံးစရိတ်လိုရင် အမ် အေ (MA) သေနတ်ကျည်၊ ၄၀ မမ (40 MM) နဲ့ ၆၀ မမ (60 MM) ဗုံးသီးတွေကို ဆက်သွယ် ရောင်းချနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။
အာဏာဖီဆန်ရေး CDM လုပ်ထားတဲ့ ဗိုလ်ကြီး လင်းထက်အောင်ကတော့ တပ်မှာ လက် နက်ခဲယမ်း ရောင်းချမှုတွေက အရင်ကတည်းက ဈေးကွက်လိုဖြစ်နေတာလို့ RFA ကို ပြောပါတယ်။
“ရှိတယ်ဗျ၊ နဂိုကတည်းက တပ်မှာဈေးကွက်တစ်ခုလိုဖြစ်နေတာ၊ ပြင်ပအဖွဲ့တွေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ရောင်းချတာမျိုး ကျနော်ကတော့ တပ်ထဲမှာ မကြုံခဲ့ဖူးပေမယ့် ရှိခဲ့တယ်၊ တပ်မှာ အဲလိုဖြစ်စဉ်မျိုးတွေ တရားဝင်ချပြတာရှိခဲ့တယ်၊ တပ်မှာကတော့ တစ်တပ်နဲ့တစ်တပ် ဒီဘက်တပ်ကနေ ဟိုဘက်တပ်ကို လက်နက်ခဲ ယမ်း ရောင်းချတာတို့ကတော့ အမြဲမပြတ်ဖြစ်နေတဲ့ဟာတွေဗျ”
ချင်းကာကွယ်ရေးတပ် (CDF) မင်းတပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ တယ်လီဖုန်းနံပါတ် ၀၉၄၄၈၆၈၅၅၉၄ ကို ဆက်သွယ်ပြီး ရောင်းချနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
ခုလို တပ်မတော်ထဲမှာ လက်နက်ဈေးကွက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးမှာ ချင်းပြည်နယ်က ရိုးရာလုပ် တူမီးသေနတ်တွေနဲ့ စတင်တော်လှန်ခဲ့ကြတဲ့ ဒေသဖြစ်ပါတယ်။
လက်ရှိမှာ ချင်းပြည်နယ်နဲ့ မကွေးတိုင်းထဲက မြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ် CDF၊ PDF တပ်တို့ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းရေးဆိုပြီး ရွာတွေထဲဝင်စီးကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေလို့ ဒေသခံ တွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် ဇန်နဝါရီ ၁၇ ရက်အထိ စစ်ကိုင်းတိုင်းမှာ ၁၁၃,၉၀၀၊ ချင်းပြည် နယ်မှာ ၃၃,၈၀၀ နဲ့ မကွေးတိုင်းမှာ ၂၀,၁၀၀ စုစုပေါင်း လူဦးရေ ၁၆၇,၈၀၀ ခန့် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် နေအိမ် အလုံးပေါင်း ၁,၈၄၀ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ UN OCHA က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က ထုတ်ပြန် ထားပါတယ်။